By Ra Wai / MPA
ရှမ်းပြည်နယ်၊ မိုးမိတ်မြို့သိမ်းစစ်ဆင်ရေးအတွင်း ဟောင်ဝှစ်ဇာအမြောက်အပါအဝင် လက်နက်မျိုးစုံ ၄၀၀ကျော် သိမ်းဆည်းရမိခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်သည်။
၁၀၂၇စစ်ဆင်ရေး အပိုင်းနှစ်အတွင်း နောင်ချိုမြို့နှင့် မိုးကုတ်မြို့တို့ကို သိမ်းပိုက်ပြီးနောက် တတိယမြောက်အဖြစ် ဇူလိုင်၃၁ရက်တွင် မိုးမိတ်မြို့ကို TNLAက သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
“ကျနော်တို့သိသလောက်က မိုးမိတ်မြို့မကျဖို့ စစ်တပ်က ပြင်းပြင်းထန်ထန်ကို ခုခံခဲ့တယ်။လေ ကြောင်းရော လက်နက်ကြီးတွေရော။ဒါပေမဲ့၊မြေပြင်စစ်သားတွေရဲ့ စိတ်ဓာတ်က သုည သာသာပဲ ဆိုတော့ ဘယ်လိုမှ မခံနိုင်ဘဲ ရှုံးတာ” ဟု ရှမ်းမြောက် လွတ်မြောက်နယ်မြေအခြေစိုက် PDF ရဲဘော် တစ်ဦးက MPAသို့ပြောသည်။
မိုးမိတ်တပ်စခန်းများကို တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ၂၉ကြိမ်၊ Y12 လေယာဥ်ဖြင့်၃၈ကြိမ်၊ Y12 ဖြင့် လက်နက်ခဲယမ်းများ ချပေးမှု ၁၄ကြိမ်၊ လက်နက်ကြီးဖြင့် ၂၂၁ ကြိမ်၊ ပေါင် ၅၀၀ ဗုံး တစ်လုံး နှင့် အတွဲလိုက်ဒုံး၁၈လုံး အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း TNLAက ထုတ်ပြန်သည်။
မိုးမိတ်မြိုနယ်ရှိ ဗျူဟာမှူးကြီး ကွပ်ကဲနေသည့် တပ်စခန်းအားလုံးတိုကို ဇူလိုင် ၃၁ ရက်၊မွန်းလွဲ တစ်နာရီခန့်တွင် TNLAက အလုံစုံသိမ်းပိုက်ခဲ့ပြီးဖြစ်သည်။
မိုးမိတ်မြိုနယ်ရှိ တပ်စခန်းများကို ဇွန် ၂၇ ရက်နေ့တွင် စတင်တိုက်ခိုက်ခဲ့ပြီး ဇူလိုင် ၃၁ ရက်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
မိုးမိတ်မြို့သည် စကခ၂၁ လက်အောက်ခံ တပ်ဖြစ်သည့် ခလရ၂၂၃၊ ၂၇၆ နှင့် ခမရ၃၄၈ တို့ စခန်းချထားသည့် မြို့ ဖြစ်သည်။




