ဟားမတ်စ်ခေါင်းဆောင် လုပ်ကြံသတ်ဖြတ်ခံရခြင်းကြောင့် ပိုမိုကြီးမားသည့် အရှေ့အလယ်ပိုင်းစစ်ပွဲ အဖြစ်သို့ ပြောင်းလဲသွားမည်ကို စိုးရိမ်နေကြကြောင်း ရိုက်တာသတင်းက ဖော်ပြသည်။
အီရန်သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲ တက်ရောက်ရန် အီရန်နိုင်ငံ၊တီဟီရန်မြို့သို့ ရောက်ရှိနေသော ဟားမတ်စ်ခေါင်းဆောင် အစ္စမေးလ် ဟာနီယာ တည်းခိုရာ နိုင်ငံပိုင်ဧည့်ဂေဟာသို့ ဇူလိုင် ၃၁ရက်၊ နံနက်အစောပိုင်းတွင် ဒုံးကျည်တစ်စင်း ကျရောက်ခြင်းကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဟားမတ်စ် အကြီးတန်း အရာရှိ Khalil Al-Hayya က သတင်းစာရှင်းလင်းပွဲ၌ အတည်ပြု ပြောဆိုခဲ့သည်။
“ဒီဒေသဟာ စစ်ပွဲတွေ မီးကုန်ယမ်းကုန် ဖြစ်မှာကို ကျမတို့ စိုးရိမ်ပါတယ်။ ဒီလို ပဋိပက္ခတွေကို ကြိုးစာတားဆီးပေးဖို့ နိုင်ငံတကာကို တိုက်တွန်းပါတယ်” ဟု လုပ်ကြံမှုဖြစ်ပွားပြီးနောက် ကုလသမဂ္ဂဆိုင်ရာ ဂျပန် ဒုကိုယ်စားလှယ် Shino Mitsuko က ပြောသည်။
အစ္စမေးလ် ဟာနီယာကို လုပ်ကြံသတ်ဖြတ်မှုသည် အသစ်အသစ်သော စစ်ပွဲများကို ထပ်မံ ဖြစ်ပွားစေပြီး ကြီးမားသော အကျိုးဆက်များ ဖြစ်ပေါ်စေမည်ဟု ဟားမတ်စ် လက်နက်ကိုင်အဖွဲ့ကလည်း ကြေညာချက် ထုတ်ပြန်ထားသည်။
အစ္စမေးလ်ဟာနီယာ သတ်ဖြတ်ခံရပြီးနောက် ဂါဇာတွင် ဖမ်းဆီးထားဆဲ ဒါဇင်နှင့်ချီသည့် ဓားစာခံများ၏ ကံကြမ္မာအပေါ် အစ္စရေးတို့ကလည်း စိုးရိမ်မှုများ တိုးပွားလျက်ရှိသည်။
“ဟာနီယာကို လုပ်ကြံသတ်ဖြတ်လိုက်တာက ဓားစာခံလွတ်မြောက်ရေး ကြိုးပမ်းမှု ဖြစ်နိုင်ခြေကို ခြိမ်းခြောက်လိုက်တာပါ။ အဲဒါကြောင့် ဒီလုပ်ရပ်က မှားတယ်” ဟု အသက် ၅၀ အရွယ် ဟိုင်ဖာမြို့ခံတစ်ဦးဖြစ်သည့် အနတ်နော်က ပြောသည်။
အမေရိကန်သည် ဟားမတ်စ်ထိပ်တန်းခေါင်းဆောင် အစ္စမေးလ် ဟာနီယာ သတ်ဖြတ်ခံရမှုတွင် ပါဝင်ပတ်သက်မှုမရှိကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ပြောသည်။