By Ra Wai / MPA
ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာသည့် စစ်ကောင်စီသင်္ဘောများမှာ PDF တို့၏ တိုက်ခိုက်ခြင်းခံရသဖြင့် စစ်တပ်က လေကြောင်းပစ်ကူပေးကာ လမ်းကြောင်းရှင်းပေးခဲ့ ကြောင်းသိရသည်။
ယနေ့ (ဩဂုတ် တစ်ရက်) မွန်းလွဲတစ်နာရီဝန်းကျင်က မုံရွာမြို့၊ အလုံဆိပ်ကမ်းမှ ချင်းတွင်းမြစ် အတိုင်း ဆန်တက်လာသည့် စစ်ကောင်စီသင်္ဘော ၁၇စီးကို ကနီမြို့နယ်၊ ရွှေစာရေးရွာနားအရောက်၌ PDF တပ်ဖွဲ့များက တိုက်ခိုက်သဖြင့်Mi35 ရဟတ်ယာဉ်ပေါ်မှ စက်သေနတ်နှင့် အချိန်အတန်ကြာ ပစ်ခတ်ကာ လမ်းကြောင်းရှင်းပေးခဲ့ကြောင်း ကနီမြို့နယ်အခြေစိုက် PDF ရဲဘော်တစ်ဦးက ပြောသည်။
“ ရေကြောင်းကနေ စစ်သင်္ဘောများ တက်လာလို့ ပစ်တာပါ။ တိုက်ပွဲအနည်းအငယ်ဖြစ်တယ်ဗျ။ ရွှေစာရေး ရွာအနီးက မြစ်ကျဉ်းတော့ လမ်းကြောင်းရှင်းပေးတာလည်း ပါတယ်ဗျ” ဟု ၎င်းက MPAသို့ ပြောသည်။
လေကြောင်းတိုက်ခိုက်ပြီးနောက် စစ်ကောင်စီသင်္ဘောများပေါ်ကလည်း လက်နက်ကြီး၊လက် နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်သဖြင့် ပြည်သူများထွက်ပြေးတိမ်းရှောင်နေရကြောင်း ၎င်းကပြောသည်။
“ သင်္ဘောပေါ်ကနေ ပစ်နေတယ်ဗျ။ သူတို့ မထင်တဲ့ နေရာတွေကို ပစ်နေတယ်။ လောလောဆယ်ကတော့ ဘာမှ မသိရသေးဘူး။ ပြည်သူတွေလည်း အကုန်ပြေးနေရတယ်” ဟု ၎င်းက ယနေ့မွန်းလွဲ တစ်နာရီခွဲခန့်တွင် ပြောသည်။
စစ်ကောင်စီသင်္ဘောများကို တိုက်ခိုက်ခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာPDF တပ်ဖွဲ့တို့က သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။
စစ်ကောင်စီသင်္ဘောများပေါ်မှ ပစ်ခတ်ခြင်းနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် PDF နှင့် ပြည်သူ တို့ ထိခိုက်မှုရှိ၊မရှိ မသိရသေးပေ။
စစ်ကောင်စီသင်္ဘော ၁၇စီးသည် မုံရွာမြို့၊ အလုံဆိပ်ကမ်းမှ ယနေ့ နံနက် ခုနှစ်နာရီဝန်းကျင်က ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာပြီး ကနီတံတားပြုပြင်ရန် ပစ္စည်းများနှင့် ရိက္ခာများ သယ်လာခြင်းဖြစ်နိုင်ကြောင်းသိရသည်။