Ko Paing / MPA
ပဲခူးတိုင်း၊ဖြူးမြို့နယ်၊ကညွတ်ကွင်းအရှေ့ဘက်ရှိ လင်းယောခင်ကျေးရွာတွင် ကင်းပတ်ထွက်လာသော စစ်သားများကို မိုင်းဆွဲပစ်ခတ်ခဲ့ရာ ငါးဦးသေဆုံးကြောင်း ဖြူးမြို့နယ်ပကဖ က သတင်းထုတ်ပြန်သည်။
ယနေ့ (ဩဂုတ်တစ်ရက်) နံနက် ခြောက်နာရီခန့်တွင် ကညွတ်ကွင်းမြို့အရှေ့ဘက်ရှိ ကွင်းဝိုင်းကျေးရွာမှ စစ်သားများ လင်းယောခင်ကျေးရွာဘက်သို့ ကင်းပတ်ထွက်လာစဉ် မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
“ သူတို့က ကင်းပတ်ထွက်လာတာကို မိုင်းဆွဲပြီး သေနတ်နဲ့ဝိုင်းပစ်တာပါ။သူတို့ဘက်က ပြန်ပစ်ချိန်မရပါဘူး။ကွင်းဝိုင်းရွာကို ပြန်ပြေးတာပါ။သူတို့က ကွင်းဝိုင်းရွာမှာ ညအိပ်၊ မနက်ကျ ကင်းပတ်။ ဒါကြောင့်မို့လုပ်နိုင်ခဲ့တာပါ” ဟု ဖြူးမြို့နယ်ပကဖ ရုံးတာဝန်ခံက MPAသို့ပြောသည်။
အဆိုပါတိုက်ခိုက်မှုအတွင်း လွတ်မြောက်သွားသည့် စစ်သား သုံးဦး ဒဏ်ရာရမှု ရှိ၊မရှိကိုမူ စုံစမ်းနေဆဲဖြစ်ကြောင်းသိရသည်။
“ လောလောဆယ်တော့ စစ်ကြောင်းထိုးတာ၊ လက်နက်ကြီးပစ်တာမျိုးမရှိပါဘူး။စစ်ကြောင်းထိုးလာခဲ့ရင်လည်း ကျတော်တို့က အသင့်အနေအထားမှာပါ” ဟု၎င်းကဆိုသည်။
သေဆုံးသွားသည့် စစ်သားအလောင်းများကို ဘေးတွဲဆိုင်ကယ်ဖြင့် လာသယ်သွားကြောင်းသိရသည်။
စစ်သားများသေဆုံးမှုကို MPAအနေဖြင့်သီးခြားအတည်မပြုနိုင်ပေ။