By Ra Wai / MPA
စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှနေ၍ ချင်းတွင်းမြစ်အတိုင်း စစ်သင်္ဘောများ ဆန်တက်လာသဖြင့် မြစ်ကမ်းဘေးနေ ပြည်သူများထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။
ယနေ့ (ဩဂုတ် ၁ရက်)နံနက် ခုနှစ်နာရီ ဝန်းကျင်တွင် စစ်သင်္ဘော ၁၇စီးသည် အလုံဆိပ်ကမ်းမှ ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာပြီး လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေမှုကြောင့် ယင်းမာပင်မြို့နယ်အရှေ့ခြမ်း နှင့် ကနီမြို့နယ်ဘက်ခြမ်းမှ မြစ်ကမ်းဘေးနေ ပြည်သူများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း ယင်းမာပင်မြို့နယ်အခြေစိုက် PDF ရဲဘော်တစ်ဦးကပြောသည်။
“ ယင်းမာပင်မြိုနယ်တော့ ကျော်သွားပြီး။ ကနီဘက်ရောက်ပြီ။ သူတို့ဘက်က ဟိုဘက်ဒီဘက် ရမ်းပစ်တာရှိတယ်။ သူတို့လာရင်တော့ ဟိုပစ်ဒီပစ် ပစ်တော့ မှန်မှာကြောက်ပြီး ရှောင်ကြရတယ်။ လောလောဆယ်တော့ ယင်းမာပင်၊ ကနီရှောင်နေရတယ်” ဟု ၎င်းက ယနေ့နံနက် ကိုနာရီခွဲ့ခန့်တွင် MPAသို့ ပြောသည်။
ယင်း စစ်သင်္ဘောများသည် ကနီမြို့နယ်သို့ ဦးတည်နေပြီး ကနီတံတားပြုပြင်ရန် ပစ္စည်းများနှင့် ရိက္ခာများသယ်လာခြင်းဖြစ်နိုင်ကြောင်း ၎င်းကပြောသည်။
“ ကနီက တံတားဆိုဒ်အတွက် ပစ္စည်းပို့ပေးတာလို့လည်း ကြားတယ်။ ပြီးတော့ ရိက္ခာအတွက် စစ်ကြောင်းလို့လည်းကြားတယ်။ အဲ့လိုနှစ်မျိုးကြားတာပေါ့” ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းစစ်သင်္ဘောများသည် နံနက် ၉နာရီခွဲခန့်တွင် ကနီမြို့နယ်သို့ ရောက်ရှိနေပြီး PDF တပ်ဖွဲ့များက တိုက်ခိုက်ခြင်းမရှိသေးကြောင်း သိရသည်။