By Mandy / MPA
ကရင်နီပြည်၊ ဖရူဆိုအနောက်ခြမ်း၊ ဟိုယာဒေသရှိ ကြားကာလပညာရေးအစီအစဉ်အရ ပြည်သူ့အခြေပြုအခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသုံးစာရေးကိရိယာများအပြင် ဆရာ၊ ဆရာမများ လိုအပ်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အ.ထ.က (ဟိုယာ)ကျောင်း၌ မူလတန်း ၂၆၄ဦး ၊ အလယ်တန်း ၂၁၀ဦးနှင့် အထက်တန်း ၁၀၈ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၅၈၂ ဦးရှိပြီး ဆရာ၊ ဆရာမ ၂၂ဦးဖြင့်သာ သင်ကြားခဲ့ရသည်။
၂၀၂၄-၂၀၂၅ ပညာပသင်နှစ်၌ ၁၁၁၁ စစ်ဆင်ရေးကြောင့် စစ်ရှောင်ဦးရေ ပိုမိုများပြားလာခြင်း၊ အခြားရွာများတွင် အလယ်တန်းကျောင်းနှင့် အထက်တန်းကျောင်းများ မရှိခြင်းကြောင်း ကျောင်းသားဦးရေ ပိုမိုများပြားလာသည့်အတွက် ဆရာ၊ ဆရာမ အင်အား လုံလောက်မှုမရှိသည့်အတွက် အခက်အခဲဖြစ်ပေါ်နေကြောင်း ဆရာများထံမှ စုံစမ်းသိရှိရသည်။
“လိုအပ်ချက်တွေကတော့ အများကြီးရှိတာပေါ့နော်၊ ဆရာ၊ ဆရာမ အင်အားလည်း အရမ်းလိုတယ်။ အထူးသဖြင့် မူလတန်း ဆရာ၊ ဆရာမတွေ အထူးလိုနေပါတယ်။ Volunteer (စေတနာ့ဝန်ထမ်း)တွေက မမြဲဘူး။ ကုန်စျေးနှုန်းကြီးတော့ အခြားထောက်ပံ့မှုရတဲ့အလုပ်ကို ရွှေ့သွားကြတာများတယ် ” ဟု အ.ထ.က(ဟိုယာ)မှ ဆရာမတစ်ဦးက MPA ကို ပြောသည်။
လက်ရှိ အ.ထ.က (ဟိုယာ)ကျောင်း၌ ဆရာ၊ ဆရာမ ၂၃ဦးရှိပြီး CDM ဆရာ၊ ဆရာမ ၁၂ဦးနှင့် စေတနာ့ဝန်ထမ်း ၁၁ဦးဖြင့် ကျောင်းသား၊ ကျောင်းသူများကို ပညာသင်ကြားပေးနေခြင်းဖြစ်သည်။
“Grade 10 တစ်တန်းတည်းမှာပဲ ကျောင်းသား၊ ကျောင်းသူ ၁၀၀ကျော်ရှိတယ်။ သူတို့ကိုသင်ရတဲ့ ကျောင်းဆောင် အနေအထားနဲ့အရေအတွက်နဲ့ဆို နေရာက အဆင်မပြေဘူးပေါ့နော်၊ စာသင်ဆောင် ခေါင်မိုးလန်နေတာလည်း အခုထိမပြင်နိုင်သေးဘူး” ဟု ဆရာတစ်ဦးက ဆိုသည်။
အ.ထ.က (ဟိုယာ)ကျောင်းသည် ကရင်နီပြည်နယ်အတွင်း ဘေးကင်းလုံခြုံသည်ဟု ယူဆရသော မြေပြင်တစ်နေရာ၌ ယာယီစာသင်ကျောင်းများ ဆောက်လုပ်ကာ ဖွင့်လှစ်ထားသည့် အထက်တန်းကျောင်းတစ်ခုဖြစ်သည့်အတွက် ၎င်းကျောင်းတွင် စာရေးကိရိယာ၊ ကျောင်းသုံးဖတ်စာစာအုပ်များ၊ ဗလာစာအုပ်များ နှင့် အခြေခံပစ္စည်းများလိုအပ်လျက်ရှိနေကြောင်း ၎င်းက ဆက်လက်ပြောသည်။
“ ကျောင်းမှာ သောက်သုံးရေအဆင်မပြေဘူး။ ရေတွင်းတူးဖို့လည်း ပိုက်ဆံမရှိဘူးလေ၊ စမ်းချောင်းက ရေကိုသွယ်ဖို့ကလည်း ရေပိုက်မရှိတော့ သောက်ရေအတွက် အခုထိခက်ခဲနေတယ်။ အဲ့ဒါကြောင့် ကလေးတွေက ကိုယ်သောက်ဖို့ရေကို အိမ်ကနေယူလာရတယ်” ဟု အ.ထ.က (ဟိုယာ)ကျောင်းမှ ဆရာမတစ်ဦးက ပြောသည်။
အဆိုပါ ကျောင်းတွင် ယင်လုံအိမ်သာ ၁၆လုံးရှိပြီး အသုံးပြုရန်ရေကို အနီးနားရှိချောင်းမှ သွယ်ကာ ရေလှောင်ဖြင့် ထားရကြောင်း၊ နွေရာသီကာလသို့ ရောက်ပါ ရေအခက်အခဲပိုမိုကြုံတွေ့ရသည်ဟု ဆရာများထံမှ စုံစမ်းသိရှိရသည်။
အ.ထ.က(ဟိုယာ)ကျောင်းသည် စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ခုနှစ်၊ ဇွန်လမှ စတင်ဖွင့်လှစ်ခဲ့သည့် ပြည်သူအခြေပြု ကျောင်းတစ်ခုဖြစ်ပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၌ မူလတန်း ၂၉၁ဦး၊ အလယ်တန်း ၂၁၆ဦးနှင့် အထက်တန်း ၂၀၆ ဦး စုစုပေါင်း ကျောင်းသားကျောင်းသူ ၇၁၃ ဦး ပညာသင်ကြားလျက်ရှိသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များ စိုးမိုးထားသည့် နယ်မြေများ၌ ပြည်သူအခြေပြုကျောင်းများကို တည်ထောင်ပြီး စစ်ဘေးရှောင်ကလေးများကို ပညာသင်ကြားမှုများပြုလုပ်ပေးနေခြင်းလည်းဖြစ်သည်။
ထိုကဲ့သို့ ပြည်သူ့အခြေပြုကျောင်းမျးကို တည်ထောင်ပြီး စစ်ဘေးရှောင်ကလေးများကို ပညာသင်ကြားမှုများပြုလုပ် ပေးနေသော်လည်း ကုန်စျေးနှုန်းအဆမတန်ကြီးမြင့်ခြင်း၊ ဝင်ငွေရရှိရန် ခက်ခဲခြင်းများကြောင့် ယင်းကျောင်းများ၌ အထွေထွေခက်ခဲမှုများကို နှစ်စဉ်ကြုံတွေ့နေရသည်။