By Ra Wai / MPA
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်း ၃၅ခုကို သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း MDY-PDF က သတင်းထုတ်ပြန်သည်။
ဇွန်လ ၂၅ရက်မှ ယနေ့ (ဇူလိုင် ၃၁ရက်) အထိ မတ္တရာမြို့နယ်အတွင်းရှိ တပ်စခန်း ၃၅ခုကို သိမ်းပိုက်ထားနိုင်ပြီး ကျန်ရှိနေသည့် စခန်းများကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းစစ်ဆင်ရေးများတွင် သုံ့ပန်း၃၀၀ကျော် ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်းအများအပြားလည်း သိမ်းဆည်းရရှိခဲ့ကြောင်း MDY- PDF ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန် ပြောသည်။
“ ဖမ်းဆီးရမိတဲ့ အရေအတွက်က ၃၀၀ဝန်းကျင်ရှိပါပြီ။ သိမ်းဆည်းရမိတဲ့ လက်နက်အရေအတွက်ကလည်း များပါတယ်။ အသေးစိတ်တော့ထုတ်ပြန်ဖို့မရှိပါဘူးဗျ” ၎င်းက MPAသို့ ပြောသည်။
ယခုအခါ မတ္တရာမြိုနယ်အတွင်းရှိ ငါးလုံးပြွန်ကျေးရွာ တပ်စခန်း ၊ တောင်ကန်ကျေးရွာ တပ်စခန်း ၊ အောင်သပြေကျေးရွာ တပ်စခန်း ၊ အောင်သပြေကားကွင်း တပ်စခန်း ၊ မြိုကုန်းရွာ တပ်စခန်း ၊ ထန်းပင်ကုန်းရွာ တပ်စခန်း နှင့် ဘိုကုန်းရွာ တပ်စခန်းတို့ကို ထပ်မံသိမ်းပိုက်ရရှိကြောင်း MDY-PDF က ထုတ်ပြန်ထားသည်။
စစ်ဆင်ရေးများတွင် PDF ရဲဘော်များလည်း ထိခိုက်ကျဆုံးမှုတချို့ရှိပြီး အသေးစိတ်ထုတ်ပြန်ရန်မရှိသေးကြောင်း ၎င်းကပြောသည်။
မတ္တရာမြို့နယ်၊ ကျောက်တံတားကျေးရွာနှင့် မြကန်သာကျေးရွာတို့တွင် ယနေ့ တိုက်ပွဲ ပြင်းထန်လျက်ရှိကြောင်း သိရသည်။
MDY-PDF သည် မတ္တရာမြိုနယ်အတွင်းရှိ သတ်မှတ်ထားသော စစ်ရေးပစ်မှတ်များကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။