By Ko Paing / MPA
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ချောင်းကြီးရဲစခန်းသိမ်းပိုက်နိုင်ရေးအတွက် တော်လှန်ရေး တပ်ဖွဲ့များ ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း သိရသည်။
ဇူလိုင် ၂၁ ရက်နေ့မှ စတင်ကာ သပိတ်ကျင်းမြို့နယ်ရှိ ချောင်းကြီးရဲစခန်းကို ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း စစ်မြေပြင်ရဲဘော်တစ်ဦးထံက သိရသည်။
“ရဲစခန်းမှာက အင်အား အများကြီးတော့မရှိဘူး။၂၅ ဝန်းကျင်လောက်ပဲရှိတယ်။ စစ်သားတွေ လည်းနေတယ်။အဓိကလေကြောင်းပစ်ကူပေးနေလို့ရယ်မဟုတ်ဘူး။လက်နက်ကြီးပစ်ကူပေးနေလို့သာ မသိမ်းနိုင်သေးတာ” ဟု၎င်းက MPAသို့ပြောသည်။
ယင်းစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က Y-12၊Jet Fighterနှင့် Mi-17 တို့ဖြင့် လေကြောင်းပစ်ကူပေးကာ ကျောက်မြောင်းအခြေစိုက် ခမရ၁၂ နှင့် ရေထွက် ဦးမန်းစိန် ရွှေလုပ်ကွက်အတွင်းမှ ၁၂၀ (မမ) လက်နက်ကြီးဖြင့် ပစ်ကူပေးခဲ့ကြောင်းသိရသည်။
ဇူလိုင် ၁၉ ရက်နေ့မှ ဇူလိုင်လ ၂၅ ရက်နေ့ထိ ချောင်းကြီးကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ ခုနှစ်ဦးထက်မနည်း သေဆုံးပြီး နေအိမ် ၄၈ လုံး၊ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများလည်း ပျက်စီးခဲ့ကြောင်း သိရသည်။
သပိတ်ကျင်းမြို့နယ်တွင် စစ်ကောင်စီက ဖုန်းလိုင်းရော အင်တာနက်လိုင်းပါ ဖြတ်တောက်ထားကြောင်းသိရသည်။
ချောင်းကြီးရဲစခန်းအပါအဝင် သပိတ်ကျင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီစခန်းများကို KIA၊ABSDFနှင့်သပိတ်ကျင်းမြို့နယ်(ပကဖ)တို့ ပူးပေါင်းတိုက်ခိုက်နေကြောင်းသိရသည်။