မည်သည့်နိုင်ငံအပေါ်မဆို တရုတ်၏ ခြိမ်းခြောက်မှုသည် ကမ္ဘာကို ခြိမ်းခြောက်မှုဖြစ်ကြောင်း ထိုင်ဝမ်သမ္မတ လိုင့်ချင်းဒေ က ဇူလိုင် ၃၀ ရက် တွင် ပြောဆိုလိုက်သည်။
ထိုင်ဝမ်တွင် နှစ်ရက်တာ ကျင်းပသည့် A summit of the Inter-Parliamentary Alliance on China (IPAC) အစည်းအဝေးကို နိုင်ငံပေါင်း ၂၀ကျော်မှ ကိုယ်စားလှယ် ၄၉ဦး တက်ရောက်ခဲ့ကြပြီး ၎င်းအစည်းအဝေး၌ ထိုင်ဝမ်သမ္မတက ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ တရုတ်ကနေ ဘယ်နိုင်ငံကိုမဆို ခြိမ်းခြောက်မှုဟာ ကမ္ဘာကို ခြိမ်းခြောက်မှုတစ်ခုလို့ ကျွန်တော် အလေးပေး ပြောကြားချင်ပါတယ်။ ထိုင်ဝမ်ဟာ ဒီမိုကရေစီ လက်ကိုင်ပြုဖို့၊ ဒီမိုကရေစီ နိုင်ငံတွေအပေါ် အာဏာရှင် ချဲ့ထွင်မှုရဲ့ ခြိမ်းခြောက်မှုတွေကနေ ကာကွယ်ပေးဖို့၊ ဒီမိုကရေစီ မိတ်ဖက်တွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမှာ ဖြစ်တယ်” ဟု လိုင့်ချင်းဒေ က ပြောသည်။
ယင်းအပြင် တရုတ်နှင့် ထိပ်တိုက်တွေ့မည့်အစား အပြန်အလှန် ဆွေးနွေးမှုများ ပြုလုပ်ရန်နှင့် ပဋိပက္ခများကို လျှော့ချပြီး ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှု ရရှိရန် လိုလားကြောင်း ၎င်းက ဆက်လက်ပြောသည်။
လိုင့်ချင်ဒေး ကျမ်းသစ္စာကျိန်ဆိုမှုအပြီး သုံးရက်အကြာတွင် တိုက်လေယာဉ်များ၊ ရေတပ်သင်္ဘောများဖြင့် ထိုင်ဝမ်ကျွန်းကို ဝိုင်းကာ တရုတ်နိုင်ငံက ခြိမ်းခြောက်ခဲ့သည်။
မေလ ၂၀ ရက်နေ့က သမ္မတတာဝန်ကို စတင်ယူခဲ့သည့် လိုင့်ကို အန္တရာယ်ရှိသော ခွဲထွက်ရေးသမားအဖြစ် တရုတ်နိုင်ငံက သတ်မှတ်ထားသည်။