By Nway / MPA
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်စစ်မျက်နှာသို့ စေလွှတ်ခံရသည့် မြင်းခြံမှ ပျူစောထီးများ သေဆုံး၊ထိခိုက်မှုများကြောင်း သိရသည်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းစတင်ချိန်မှစ၍ မတ္တရာစစ်မျက်နှာတွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲအကြိမ်ကြိမ် ဖြစ်ပွားခဲ့ရာ မြင်းခြံမြို့နယ်အတွင်းရှိ ပျူစောထီးများအား မတ္တရာသို့ ပို့ကာ တိုက်ခိုင်းခြင်းဖြစ်ကြောင်း မြင်းခြံမ လူထုလှုပ်ရှားမှုကော်မတီထံက သိရသည်။
“ မတ္တရာမှာ တိုက်ပွဲတွေစတော့ မြင်းခြံကနေ စစ်ကူသွားကြတယ်။ အဓိကက ပျူတွေကိုပို့တာ။ အမျိုးသားတွေရော၊ အမျိုးသမီးတွေရော ပါတယ်။ တိုက်ပွဲမှာ အသေအဆုံးတွေများတယ်။ ထွက်ပြေးကြတဲ့ပျူတွေလည်း ရှိတယ်” ဟု မြင်းခြံလူထုလှုပ်ရှားမှုကော်မတီမှ တာဝန်ရှိသူ ကိုဂျိုးက MPA သို့ ပြောသည်။
ဇူလိုင် ၂၉ရက်၊ ည ကိုးနာရီခန့်တွင်မတ္တရာစစ်မျက်နှာ၌ ထွက်ပြေးနေသော ပျူစောထီးများကို ကယ်ထုတ်ရန် မြင်းခြံမြို့ပေါ်၌ အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရသည်။
“ အစည်းအဝေးလုပ်ပြီးတော့ ည ၁၀နာရီလောက်မှာ စစ်ကူတန်းပို့တယ်။ အင်အား ဘယ်လောက်နဲ့သွားတာလဲဆိုတာတော့ မသိရသေးဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။
မတ္တရာစစ်မျက်နှာသို့ စေလွှတ်ခဲ့သော ပျူစောထီးအရေအတွက်နှင့် သေဆုံးမှုအရေအတွက်ကိုမူ MPA က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
ဇူလိုင် ၂၉ရက်ကလည်း မြင်းခြံမြို့၊ အမှတ် ငါးရပ်ကွက်ရှိ လူငယ်များကို စစ်မှုမထမ်းလိုပါက ကျပ်သိန်း ၂၀ ပေးရမည်ဖြစ်ကြောင်း ယင်းရပ်ကွက် အုပ်ချုပ်ရေးမှူးက တောင်းခံလျက်ရှိကြောင်း မြင်းခြံလူထုလှုပ်ရှားကော်မတီက ထုတ်ပြန်ထားသည်။