By Bala / MPA
မိုးဗြဲဆည်ရေ လျှံကျမှုကြောင့် ဒေသခံစစ်ဘေးရှောင်တစ်သောင်းကျော် ဘေးလွတ်ရာသို့ ရှောင်တိမ်းနေရကြောင်း သိရသည်။
ဇူလိုင် ၂၄ရက်မှ စတင်ကာ ယနေ့ (ဇူလိုင်၃၀ရက်) အထိ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် မိုးဗြဲဆည်ရေ လျှံကျလာခြင်းဖြစ်ကြောင်းရှမ်းပြည်နယ်၊ မိုးဗြဲမြို့ရှိ စစ်ဘေးရှောင်စခန်းနေသူတစ်ဦးက ပြောသည်။
“ အခုရေဘေးကြောင့် စစ်ရှောင်အိမ်ထောင်စုပေါင်း သုံးထောင်ကျော်က ဘီလူးချောင်းတစ်ကြောက ရေလွတ်တဲ့ မြောင်းဘောင်တွေပေါ်မှာ ယာယီနေနေရတယ်။ခန့်မှန်းစစ်ရှောင်ပြည်သူ အရေအတွက်ဆို တစ်သောင်းကျော်မယ်။ရေဘေးကြောင့် ဒုက္ခရောက်နေကြတာပေါ့” ဟု ၎င်းက MPAသို့ ပြောသည်။
မိုးဗြဲတွင် ရေကြီးမှုကြောင့် လယ်ဧက ၅၀၀၀ကျော် ရေလွှမ်းခံထားရပြီး ငါးကန်များလည်း ရေလျှံ ခြင်းကြောင့် ငါးများဆုံးရှုံးကုန်ကြောင်း မိုးဗြဲအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ အခုက ရေဘေးကယ်ဆယ်ရေးထက် ကူညီ ထောက်ပံ့မှုတွေလိုနေတာပါ။စစ်ရှောင်တွေက နေစရာရှာနိုင်ပေမယ့် စားဖို့သောက်ဖို့ကြတော့ ရေကြီးနေတော့ ဒုက္ခရောက်တာပေါ့” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် မိုးဗြဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များသည် သောက်သုံးရေ၊ဆေးဝါးနှင့် စားနပ်ရိက္ခာများ အဓိကလိုအပ်နေပြီး ဖျားနာနေသူများလည်း ရှိကြောင်း MPAက စုံစမ်းသိရသည်။