By Ko Paing / MPA
ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီနှင့်အုတ်ဖိုမြို့နယ်တို့တွင် မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် တံတား လေးစင်းထက်မနည်း ပျက်စီးသွားကြောင်းသိရသည်။
ဇူလိုင် ၂၈ ရက်တွင် သာယာဝတီမြို့နယ်၊ အင်းရွာ-ဘီးလမ်း ကားလမ်းပေါ်ရှိ ရှားစီးဘိုရွာ(တောင်စု)အနီးရှိ တံတားနှင့်အလယ်ကုန်း-ဖိုးခေါင်-စံရွေးလမ်းပေါ်ရှိ အမှတ်သုံး တံတား ကတ္တရာချဥ်းကပ်လမ်းတို့ ပျက်စီးခဲ့ကြောင်းသိရသည်။
“ဒီရွာတွေက မိုးတွင်းဆိုရင် လှေနဲ့သွားလာလှုပ်ရှားကြတဲ့နေရာတွေ။အိမ်တွေက ခြေတံရှည်အိမ်တွေ။ ပုံမှန်မိုးတွင်းဘက် ရေတက်နေကြတဲ့နေရာတွေတောင် အခုက မြစ်ရေတက်တာ။ဧရာဝတီမြစ်ဘေးတစ်လျှောက်မြို့နယ်တွေ ပိုထိလိမ့်မယ်” ဟု အုတ်ဖိုမြို့ခံတစ်ဦးကပြောသည်။
ဇူလိုင် ၂၇ ရက်တွင် အုတ်ဖိုမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ထန်းပင်ကုန်း-တိမ်မြုပ် ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ကျောက်ဖြူတောင်ကျေးရွာအနီးရှိ အရှည် ၂၄ ပေ ၊အကျယ် ၁၆ ပေ၊အမြင့် ၂၅ ပေရှိ တိမ်မြုပ်ချောင်းကူး ကမ်းကပ်ခုံနံရံလည်း တောင်ကျချောင်းရေ တိုက်စားမှု ကြောင့် ပြိုကျပျက်စီးခဲ့ကြောင်းသိရသည်။
ထို့အပြင် ဇူလိုင် ၂၆ရက်တွင်သာယာဝတီမြို့နယ်၊ စံရွေးကျေးရွာနှင့်ညောင်သာကျေးရွာတို့ကိုဆက်သွယ်ထားသည့် စံရွေးအမှတ်နှစ် တံတားလည်း ပျက်စီးခဲ့ကြောင်းသိရသည်။
လက်ရှိတွင် သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကမ်းပါးပြိုခြင်း၊ရေကာတာများ ရေကျော်ခြင်းနှင့်လမ်းတံတားများ ပျက်စီးခြင်းတို့ ဆိုးရွားစွာဖြစ်ပေါ်နေရာ စိုက်ပျိုးသီးနှံများလည်း ပျက်စီးနေကြောင်းသိရသည်။
သာယာဝတီနှင့်အုတ်ဖိုမြို့နယ်အတွင်းရှိ အခြားသောနေရာများ၌လည်း တံတားများ ပျက်စီးနိုင် ကြောင်း အုတ်ဖိုမြို့ခံက ဆိုသည်။