By Nway / MPA
ရဲရင့်သော မြန်မာပြည်သူတစ်ရပ်လုံး၏ တော်လှန်စိတ်ဓာတ်ကို အလေးအနက်ထား ချီးကျူးဂုဏ်ပြု ကြောင်း ညီနောင်သုံးဖွဲ့က ထုတ်ပြန်လိုက်သည်။
၁၀၂၇ စစ်ဆင်ရေး၊ ပထမပိုင်း၊ဒုတိယပိုင်းနှင့်ပတ်သက်ပြီး ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များကို အားပေးထောက်ခံကြသော အဖိနှိပ်ခံ မြန်မာပြည်သူတစ်ရပ်လုံးကို ညီနောင်သုံးဖွဲ့က အလေးအနက် ကျေးဇူးတင်ရှိကြောင်းလည်း ဆိုသည်။
“၁၀၂၇စစ်ဆင်ရေးဆိုတာ နွေဦးတော်လှန်ရေးရဲ့ အရေးပါတဲ့ အလှည့်အပြောင်းတစ်ခုပါပဲ။၁၀၂၇စစ် ဆင်ရေးကြောင့်ပဲ မြန်မာပြည်သူတွေဟာ စိတ်ဓာတ်တက်ကြွခဲ့တယ်။တော်လှန်ရေး အောင်ကို အောင်ရမယ်ဆိုတဲ့အသိကို ၁၀၂၇ က နက်ရှိုင်းစေခဲ့တယ်။အဲဒါကြောင့် ပြည်သူတွေကလည်း ညီနောင်သုံးဖွဲ့အပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေကို အလေးအနက်ထား ကျေးဇူးတင်နေတယ်လို့ မြင်မိပါတယ်” ဟု နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးက MPAသို့ပြောသည်။
ကြံ့ကြံ့ခံသော စိတ်ဓာတ်၊ နောက်မဆုတ်သော စိတ်ဓာတ်တို့ဖြင့် စစ်အာဏာရှင်စနစ် အမြစ်ပြုတ် သည်အထိ ဟန်ချက်ညီညီ ဆက်လက်တိုက်ပွဲဝင်ကြရန် တိုက်တွန်းကြောင်းလည်း ညီနောင်သုံးဖွဲ့ ကဆိုသည်။
မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင်၊ ကိုခန့်ဝေဖြိုးကလည်း “ ကျတော်တို့ အညာရော၊ တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူလူထုတရပ်လုံးက စစ်အာဏာရှင်စနစ်ကို အမြန်ဆုံး ချုပ်ငြိမ်းချင်နေပြီ။ ဒီလို ချုပ်ငြိမ်းဖို့အတွက် ဘုံရန်သူဖြစ်တဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်ပြစ်အောင် တိုက်ထုတ်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ကျေးလက်မှာရော၊ မြို့ပြမှာရှိတဲ့ ပြည်သူတွေက ခိုင်ခိုင်မာမာ ထောက်ခံနေပါတယ်” ဟု ပြောသည်။
၁၀၂၇ စစ်ဆင်ရေး၊ ရှမ်း-မန်းစစ်ဆင်ရေးလှိုင်းများကို မန္တလေးလူထုက ဝန်းရံ၊ ထောက်ခံ ကြိုဆိုလျက်ရှိသည့် လှုပ်ရှားမှုအား ဖော်ဆောင်ခဲ့ကြောင်း အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး)က ဇူလိုင်၂၈ရက်တွင် ထုတ်ပြန် ခဲ့သည်။