By Mandy / MPA
စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသများဖြစ်သည့် ကောလင်း၊ အင်းတော်နှင့် ဗန်းမော်မြို့နယ်များတွင် မိုးရွာသွန်းမှုနည်းပါးသည့်အတွက် စိုက်ပျိုးရေမရရှိသည့်အပြင် ကျွဲ၊ နွားများအတွက်ပါ သောက်ရေရှားပါးနေကြောင်း ဒေသခံတောင်သူများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ခုနှစ် ဇွန်လဆန်ပိုင်းတွင် စစ်ကိုင်တိုင်းအထက်ပိုင်း၌ မိုးသည်းထန်စွာရွာသွန်းခဲ့သော်လည်း ဇွန်လ ဒုတိယပတ်မှ စတင်ကာ လက်ရှိအချိန်ထိ မိုးရွာသွန်းမှုနည်းပါးခဲ့ခြင်းကြောင့် စပါးစိုက်ခင်းများ ရေမရဘဲ ခြောက်သွေ့လာခြင်းဖြစ်သည်။
“မိုးကတစ်ခါ ကောင်းကောင်းရွာပြီး နောက်ထပ်မရွာတော့ဘူး။ အရင်ကလယ်ထွန်ရင် ရေထဲထွန်ရတာ၊ အခုက လယ်ထွန်ရင် ဖုန်ကိုလုံးလို့၊ စိုက်ရတဲ့လယ်ရယ်လို့ များများစားစားမရှိပါဘူး။ အုံ့ခေါင်၊ ပူခေါင်ဆိုတာ တို့ဒေသတွေပဲ၊ အခုက လယ်အတွက်ရေမရတာတင်မဟုတ်ဘူး။ ကျွဲ၊ နွားတွေအတွက်ပါ သောက်ဖို့ရေမရှိဖြစ်နေတာ” ဟု ကောလင်းမြို့နယ်မှ တောင်သူတစ်ဦးကဆိုသည်။
ကောလင်းမြို့တွင် ဇွန်လဆန်းပိုင်း၌ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး လယ်ရေနှင့် ချောင်ရေ အတန်အသင့်ရရှိခဲ့သော်လည်း လက်ရှိ ချောင်းရေများပါ ခမ်းခြောက်လာနီးပါးဖြစ်နေကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
အလားတူပင် အင်းတော်မြို့နယ်နှင့် ဗန်းမောက်မြို့နယ်တို့တွင်လည်း မိုးခေါင်သဖြင့် တောင်သူများ အခက်ကြုံနေကြကြောင်း ဒေသခံတောင်သူများက ဆိုသည်။
“တို့အရပ်မှာ မိုးခေါင်တာကတော့ ရေတင်ပြီးစိုက်ထားတဲ့ စိုက်ခင်းတွေလည်း ရေခမ်း၊ ချောင်းတွေထဲလည်း ရေမရှိ၊ ပျိုးကြဲထားတဲ့လယ်တစ်ချို့လည်း မိုးမရွာတော့ သေကုန်တာပဲ” ဟု အင်းတော်မြို့နယ်၊ နန့်သာရွာမှ တောင်သူတစ်ဦးကပြောသည်။
အင်းတော်မြို့နယ်တွင်လည်း ချောင်းနှင့်နီးသည့် လယ်အချို့သာ စပါးစိုက်ပျိုးနိုင်ပြီး အများစုသည် ရေရှိခြင်းမရှိသောကြောင့် ပျိုးကြဲစပါးခင်းများ(ဒေသအခေါ် ကြဲစားစပါးခင်းများ)သာများကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
ဆက်လက်ပြီး တော၊ တောင်များ ဝန်းရံထားသည့် ဗန်းမောက်မြို့နယ်တွင်လည်း မိုးရွာသွန်းမှုနည်းပါးနေခြင်းကြောင့် စပါးစိုက်တောင်သူများအခက်တွေ့နေရကာ၊ ရေသွင်းစိုက်ပျိုးရန်အတွက်လည်း စက်သုံးဆီ အလုံအလောက်မရှိသဖြင့် တောင်သူများ ပိုမိုဒုက္ခတွေ့နေရခြင်းဖြစ်သည်။
“မိုးကမရွာလို့ စိုက်ပျိုးရေမရတော့ ရေသွင်းစိုက်ဖို့ ချောင်းရေရှိတော့လည်း စက်နဲ့တင်မှရမှာလေ၊ စက်ရေတင်ဖို့၊ လယ်ထွန်ဖို့ကျ စက်သုံးဆီကို စျေးကြီးပေးပြီး ခဲရာခဲဆစ်ဝယ်ရသေးတာ၊ စပါးတစ်စေ့၊ ဆန်တစ်စေ့ဖြစ်ဖို့များ တန်ဖိုးကြီးချက်ပဲ” ဟု ဗန်းမောက်မြို့နယ်မှ ဒေသခံတစ်ဦးကဆိုသည်။
ဗန်းမောက်မြို့နယ်တွင် စပါးစိုက်သော လယ်ဧက ၃၉၀၀၀ကျော်ရှိပြီး ယခုနှစ်တွင် ရေအလုံအလောက်မရရှိခြင်း၊ ရေသွင်းစိုက်ပျိုးရန်အတွက်လိုအပ်သော စက်သုံးဆီကို အကန့်အသတ်ဖြင့်သာ ရရှိခြင်းကြောင့် ယခုနှစ်တွင် စပါးစိုက်ဧကများများစားစားပင်မရှိကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကိုင်းတိုင်း အထက်ပိုင်းဒေသများတွင် မိုးခေါင်သဖြင့် စိုက်ပျိုးရေမရသည့်အပြင် ကျွဲ၊နွားများအတွက် သောက်ရေပါ ရှားပါးနေကာ၊ ရက်သတ္တပတ် နှစ်ပတ်အတွင်း မိုးရွာသွန်းမှုမရှိပါက စပါးခင်းများ လုံး၀ပျက်စီးပြီး လယ်ယာလုပ်ငန်းသုံး တိရစ္ဆာန်များပါ ဒုက္ခရောက်နိုင်သည့်အတွက် ဒေသခံများ စိုးရိမ်လျက်ရှိနေသည်။
စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ကောလင်း၊ အင်းတော်နှင့် ဗန်းမောက်မြို့နယ်များသည် ဆည်ရေမရှိဘဲ မိုးရေကိုသာ အဓိကအားထားရပြီး တစ်သီးစားသာ စိုက်ပျိုး၍ရသည့် ဒေသလည်းဖြစ်သည်။
ယင်းကဲ့သို့ စစ်ကိုင်းတိုင်းအထက်ပိုင်း မြို့နယ်အချို့တွင် မိုးခေါင်ရေရှားမှုနှင့် ကြုံနေရသော်လည်း ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကယားပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်မြို့ပေါ် မြို့နယ်အချို့တွင်ရေကြီးရေလျှံမှုများ ဖြစ်နေကြောင်း သိရသည်။