By MPA / Bala
ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ ကျားဖြန့်လုပ်ငန်းများတွင် ရေကြီးရေလျှံမှုကြောင့် သောက်သုံးရေ ပြတ်လပ်နေကြောင်း သိရသည်။
ဇူလိုင် ၂၆ရက်မှ စတင်ကာ မြဝတီမြို့တွင် ကျားဖြန့်လုပ်ငန်း အဓိကလုပ်ကိုင်သည့်၈ ဂိတ်၊၁၂ဂိတ်(ကရင်စာပေဂိတ်)၊၁၃ဂိတ်၊၁၈ ဂိတ်၊၂၀ဂိတ်၊၂၁ဂိတ်နှင့်၂၅ဂိတ်တို့တွင် သောင်ရင်းမြစ်ရေကြီးမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ကာ ကျာဖြန်လုပ်ငန်းရုံများအတွင်းသို့ ရေများဝင်ရောက်ခဲ့ကြောင်း ၁၃ဂိတ်ရှိ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက ပြောသည်။
“ ၂၆ရက်နေ့က ရေစကြီးတာ။ မြေညီထပ်မြုပ်သွားတယ်။ရေကလည်း ကားတစ်စီးစာမြုပ်တယ်။အခုတော့ ရေကျသွားပါပြီ။မြေညီထပ်က ဝန်ထမ်းအခန်းတွေတော့ ရေဝင်နေလို့ အခန့်ရွှေ့ထားရတယ်” ဟု ၎င်းက MPAသို့ ပြောသည်။
လက်ရှိတွင် သောင်ရင်းမြစ်ရေများ ပြန်ကျနေပြီဖြစ်သော်လည်း ကျားဖြန့်လုပ်ငန်းများကို ယနေ့(ဇူလိုင်၂၈ရက်) ယာယီရပ်နားထားကြောင်းနှင့် သောက်သုံးရေပြတ်လပ်မှုများဖြစ်ပေါ်နေကြောင်း ၁၂ဂိတ်နေသူတစ်ဦးက ပြောသည်။
“ အခုက ရေတစ်ဘူးကို ၂၀၀၀ပေးသောက်နေရတယ်။ဝန်ထမ်းတွေလည်း အဝတ်အစားတွေအကုန်စိုကုန်လို့ အခန်းပြောင်းနေရတယ်။ရေကတော့ ကျပေမယ့် ဒူးဆစ်လောက်အထိရှိသေးတယ်။ကျားဖြန့်တွေက ညမှလုပ်ရတာဆိုပေမယ့် ရေကြီးနေလို့ မနေ့ညနဲ့ ဒီနေ့ မဆင်းရဘူးပြောထားတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် သောင်ရင်းမြစ်ရေပြန်ကျသွားပြီဖြစ်သော်လည်း မိုးဆက်လက်ရွာသွန်းနိုင်သဖြင့် မြဝတီမြို့တွင်း ရေကြီးနေမှုအခြေအနေမှာ စိတ်မချရသေးကြောင်း သိရသည်။