By Nway / MPA
ရန်ကုန်မြို့၊ အင်းစိန်ထောင်တွင် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်မွေးနေ့အဖြစ် ကျွေးသည့် ဟင်းကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားခဲ့ရာ ယနေ့ထိတိုင် အကျဉ်းသား ၃၀ခန့် မသက်သာသေးကြောင်း သိရသည်။
ဇူလိုင်သုံးရက်တွင် မင်းအောင်လှိုင်မွေးနေ့ဟုဆိုကာ အင်းစိန်ထောင်ပိုင် ဇော်လင်းအောင်နှင့် ထောင် အာဏာပိုင်တို့က အကျဉ်းသားများအား အိမ်မှပို့ထားသည့် အစားအစာများ စားခွင့်မပြုဘဲ ကြက်သား နှင့်ပဲဟင်းကျွေးခဲ့ရာ အကျဉ်းသား ၁၅၀ခန့် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေး အကျဉ်းသားများ ကွန်ရက်ထံက သိရသည်။
“ ၄ရက်နေ့ကနေ ဒီနေ့အထိ စုစုပေါင်း ၁၅၀ ဝန်းကျင်ဖြစ်ခဲ့တယ်လို့သိထားရတယ်။လက်ရှိမှာ အကျဉ်းသား ၃၀ကတော့ မသက်သာသေးဘူး။ ဒါပေမဲ့ အရမ်းစိုးရိမ်ရတဲ့ အခြေအနေတော့ မဟုတ်ပါဘူး” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်၊ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက MPA သို့ပြောသည်။
မင်းအောင်လှိုင်မွေးနေ့အဖြစ် ကျွေးသော ပဲဟင်းနှင့်ကြက်သားမှာ လတ်ဆတ်မှုမရှိဘဲ သိုးနံ့ထွက်နေသော်လည်း အဓမ္မစားခိုင်းခြင်းကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဝမ်းပျက်ဝမ်းလျှောလူနာများကို လုံလောက်သည့် ဆေးဝါးများ မပေးသည့်အပြင် မိသားစုဝင်များပို့သည့် အစားအသောက်များကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ရသည်ဟု စွပ်စွဲကာ ထောင်ဝင်စာကန့်သတ်ခြင်းများ ပြုလုပ်နေကြောင်း သိရသည်။
“ ထောင်ကကျွေးတဲ့အစားအသောက်က သိုးနေတာမျိုး နေ့စဉ်မဟုတ်ပေမယ့် မကြာမကြာဖြစ်တတ်တယ်ဗျ။ ထောင်က လုံလုံလောက်လောက်ကျွေးမွေးနိုင်ခြင်းမရှိလို့ အိမ်ကပေးပို့တဲ့ ထောင်ဝင်စာကို အားပြုစားသောက်နေကြရတဲ့အတွက် အခုလိုကန့်သတ်တာ ကြာလာမယ်ဆိုရင် အကျဉ်းသားအားလုံးအတွက် စားသောက်ရေးမှာ အခက်အခဲရှိလာနိုင်တယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
အင်းစိန်ထောင်တွင် ထောင်တွင်းဖိနှိပ်မှုပြင်းထန်ပြီး ဇူလိုင် ၂၀ရက်ကလည်း နိုင်ငံရေးအကျဉ်းသူ ၂၀ခန့်ကို ထောင်အာဏာပိုင်များက နံပါတ်တုတ်နှင့် ကျဉ်စက်များဖြင့် ရိုက်နှက်ခဲ့သေးသည်။