By Nway / MPA
မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အနောက်ခြမ်းရှိ စစ်ကောင်စီတပ်သားများကို အရှေ့ခြမ်းသို့ ရွှေ့ပြောင်းနေကြောင်းသိရသည်။
ပြီးခဲ့သည့်ဇွန်လလယ်မှစ၍ မတ္တရာမြို့နယ်အနောက်ခြမ်းရှိ ဟင်္သာရွာသစ်ရွာ၊ ဟင်္သာကုန်းရွာ၊ ရွှေဘိုးကြီးရွာ၊ ထန်းခြောက်ပင်ရွာနှင့် မရိုးကုန်းရွာတို့တွင် အင်အား ၂၀၀ ခန့်ဖြင့် ဖြန့်ကျက်တပ်စွဲထားသော စစ်သားများကို မတ္တရာအရှေ့ခြမ်းသို့ ပြောင်းရွှေ့နေခြင်းဖြစ်ကြောင်း မတ္တရာမြို့နယ်အနောက်ခြမ်းရှိ ဒေသခံပြည်သူတစ်ဦးက ပြောသည်။
“ ဒီရက်ပိုင်းလောက်ကစပြီး သူတို့(စစ်သား)ရယ် ၊ အနောက်ခြမ်းမှာရှိတဲ့ ပျူရွာတွေက ပျူတွေကို အရှေ့ခြမ်းကို ရွှေ့နေတာ။ တောင်ပြုံးတစ်လျှောက်လုံးက ပျူရွာတွေချည်းပဲလေ။ မတ္တရာအနောက်ခြမ်းမှာတော့ လေကြောင်းဝဲတာရယ်၊ စစ်ကောင်စီအထိုင်ချနေရာတွေကနေ လက်နက်ကြီးနဲ့ ထုတာကလွဲရင် ကျန်တာ အေးဆေးပါပဲ” ဟု၎င်းက MPA သို့ ပြောသည်။
မတ္တရာမြို့ပေါ်နှင့် နှစ်မိုင်ခန့်ကွာဝေးသော မတ္တရာအရှေ့ခြမ်းရှိကျောက်တံတားတပ်စခန်းကို MDY – PDF က တိုက်ခိုက်သိမ်းပိုက်ရန် ကြိုးစားနေပြီး ယခုရက်ပိုင်းတွင်မူ ပစ်ခတ်သံများ မကြားရတော့ကြောင်း ၎င်းကပြောသည်။
“ ဒီရက်ထဲ ပစ်သံခတ်သံတွေကို မကြားရတော့တာ။ အရင်ကဆို ကြားရတယ်လေ။ ငြိမ်နေပြီးမှ တစ်နေ့(ဇူလိုင်၂၃ရက်)ည ၁၁နာရီလောက်ကရယ်၊ မနေ့(ဇူလိုင်၂၄ရက်) မနက် ရှစ်နာရီလောက်က ရယ် ကျောက်တံတားဘက်ကို လေကြောင်းနဲ့ပစ်သွားသေးတယ်။ တိုက်ပွဲထပ်ဖြစ်တာလား၊ ဒီအတိုင်း ပစ်တာလားတော့မသိဘူး” ဟု ၎င်းကဆက်လက်ပြောသည်။
မတ္တရာမြို့နယ်အရှေ့ခြမ်းရှိ ကျောက်တံတားတပ်စခန်းကို သိမ်းယူနိုင်ရန် လုပ်ဆောင်လျက်ရှိကြောင်း ဇူလိုင် ၁၆ရက်တွင် MDY – PDFက ထုတ်ပြန်ထားသည်။