By Ra Wai / MPA
PDF သိမ်းပိုက်ထားသော မန္တလေးတိုင်း၊စဉ့်ကူးမြို့တွင် လေကြောင်းရန်ကိုသာ စိုးရိမ်နေရကြောင်း သိရသည်။
MDY-PDF နှင့် ပူးပေါင်းတပ်သည် ဇူလိုင် ၁၄ ရက်က စဉ့်ကူးမြို့သိမ်းတိုက်ပွဲစတင်ခဲ့ပြီး ဇူလိုင် ၁၆ရက်တွင် မြို့ကို ထိန်းချုပ်နိုင်ခဲ့သော်လည်း စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်မှု အလွန်အကျွံ ပြုလုပ်နေကြောင်း ဒေသခံ PDF ရဲဘော်တစ်ဦးကပြောသည်။
“ လောလောဆယ်ဆယ်တော့ မြို့ကို သိမ်းတဲ့သဘောပါပဲ။ မြို့ပေါ်ကတော့ စစ်တပ်က Y – 12 ရော ဂျက်ဖိုက်တာရောနဲ့ မီးလောင်ဗုံးတွေချ မီးရှို့ပစ်တာလေ။ ဒီနေ့(ဇူလိုင်၁၉ရက်)တော့ လာကြဲတာမရှိသေးဘူး။ လောလောဆယ် ကြောက်စရာရှိတာ လေကြောင်းတစ်ခုပဲရှိတာ။ ကျန်တာတော့ မရှိတော့ပါဘူး” ဟု ၎င်းက ယနေ့နံနက် ၁၀နာရီ၄၅မိနစ်ခန့်တွင် MPAသို့ ပြောသည်။
စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် မြို့ခံပြည်သူအားလုံး ယနေ့အထိ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။
မန္တလေးမှလည်း ဧရာဝတီမြစ်ကြောင်းအတိုင်း စဉ့်ကူးဘက်သို့ စစ်သင်္ဘောများဆန် တက်လာ နေသဖြင့် အဆင်သင့်ပြင်ဆင်နေရကြောင်း ၎င်းကဆက်လက် ပြောသည်။
ဇူလိုင် ၁၅ရက်နှင့် ၁၆ရက်တို့တွင် စစ်ကောင်စီတပ်က စဉ့်ကူးမြို့ပေါ်သို့ လေကြောင်းမှ အလွံအကျွံဗုံးကြဲတိုက်ခိုက်မှုကြောင့် မြို့ပေါ်ရှိနေအိမ်နှင့် အဆောက်အအုံများစွာ မီးလောင်ပျက်စီးခဲ့ကြောင်း မြေပြင်သတင်းမှန်ပြန်ကြားရေး(စဉ့်ကူး)ထံက သိရသည်။


