ဘင်္ဂလားဒေ့ရှ် ဆန္ဒပြကျောင်းသားများက နိုင်ငံပိုင် ရုပ်သံဌာနကို ဇူလိုင် ၁၈ ရက်နေ့တွင် ဝင်ရောက်စီးနင်း မီးရှို့ခဲ့ကြောင်း သိရသည်။
ဆန္ဒပြသူများသည် မြို့တော်ဒါကာရှိ ဘင်္ဂလားဒေ့ရှ် ရုပ်မြင်သံကြား (BTV) ဌာနချုပ်သို့ ဝင်ရောက်စီးနင်းခဲ့ပြီး ရာနှင့်ချီသော ဆန္ဒပြသူများကို ရဲများက ရော်ဘာကျည်ဆန်များ၊ မျက်ရည်ယိုဗုံးများအသုံးပြုကာ ဖြိုခွင်းခဲ့သည်။
ထို့နောက် ဆန္ဒပြသူများသည် ရုပ်သံဌာန အပြင်ဘက်တွင် ကားဒါဇင်ပေါင်းများစွာဖြင့် ပိတ်ဆို့ကာ ရုပ်သံဌာန၏ ပရိဘောဂများနှင့် အဆောက်အအုံတချို့ကို မီးရှို့ခဲ့သည်။
ယခုသီတင်းပတ်အစောပိုင်းက ဆန္ဒပြသေဆုံးသူ ခုနှစ်ဦးအပြင် ဇူလိုင်လ ၁၈ရက် တစ်ရက်တည်းမှာပင် အနည်းဆုံး ၂၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး ရာနှင့်ချီ ဒဏ်ရာရခဲ့ကြောင်း ဆေးရုံအချက်အလက်ကို အခြေခံကာ AFP သတင်းတွင် ဖော်ပြထားသည်။
ထိုသေဆုံးသူများ၏ အနည်းဆုံး သုံးပုံနှစ်ပုံခန့်သည် ရဲတပ်ဖွဲ့၏ လက်နက်များကြောင့် ဖြစ်ကြောင်း သိရသည်။
“ ကျတော်တို့ရဲ့ ပထမဆုံးတောင်းဆိုချက်ကတော့ ဝန်ကြီးချုပ်က ကျတော်တို့ကို တောင်းပန်ရမယ်။ ဒုတိယအနေနဲ့ကတော့ အသတ်ခံခဲ့ရတဲ့ ညီအစ်ကိုတွေအတွက် တရားမျှတမှု ရဖို့ အာမခံပေးရမယ်” ဟု အသက် ၁၈ နှစ်အရွယ်ရှိ ဆန္ဒပြကျောင်းသား Bidisha Rimjhim က ပြောသည်။
ဇူလိုင် ၁၈ ရက် ညနေပိုင်းမှစတင်ကာ ဘင်္ဂလားဒေ့ရှ်တွင် အင်တာနက်လိုင်းပြတ်တောက်မှုများ စတင်ဖြစ်ပေါ်ခဲ့ကြောင်း ဆိုက်ဘာလုံခြုံရေးနှင့် အင်တာနက်စောင့်ကြည့်ရေးအဖွဲ့ Netblocks က ဆိုသည်။
“တွေ့ဆုံဆွေးနွေးမှုအတွက် အစိုးရကို ကျတော်တို့ တိုက်တွန်းထားပါတယ်။ ပြီးတော့ အကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့အတွက် တွေ့ဆုံဆွေးနွေးဖို့ ဆန္ဒပြသူတွေကို တိုက်တွန်းပါတယ်” ဟု ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက် ၏ ပြောရေးဆိုခွင့်ရှိသူ Stephane Dujarric က ပြောသည်။
ဖြစ်ပွားနေသည့် ချီတက်ဆန္ဒပြမှုများသည် ၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ရှ်လွတ်လပ်ရေး တိုက်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့သည် စစ်မှုထမ်းဟောင်းများ၏ သားသမီးများအတွက် အစိုးရအလုပ်များ၏ ရာထူးတစ်ဝက်ကျော်ကို ခွဲတမ်းချပေးထားသည့် သီးသန့်ခွဲတမ်းစနစ်အား အဆုံးသတ်ရန် တောင်းဆိုနေကြခြင်း ဖြစ်သည်။


