By Nway / MPA
မန္တလေးတိုင်း မြင်းခြံမြို့နယ်အတွင်း စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားသော ပြည်သူတစ်ဦးကို သတ်ပြီး ရွှေ၊ေငွပစ္စည်းများ လုယက်သွားကြောင်း သိရသည်။
ဇူလိုင် ၁၆ ရက်၊ နံနက် ရှစ်နာရီခန့်က မြင်းခြံမြို့နယ်၊ ကျောက်ကန်ပျုရွာမှ ထွက်လာသော စစ်သားများသည် တူရွင်းဘို့ရွာသို့ ဝင်ရောက်ခဲ့ပြီး ပြည်သူ ၂၀ ဦး ခန့်ကို ဖမ်းဆီးသွားကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီထံက သိရသည်။
” တူရွင်းဘို့ကို ဝင်တာက မြင်းခြံကလာတဲ့စစ်သားတွေလည်း ပါတယ်။ ကျောက်ကန်က ပျူတွေရောပေါ့။ မြင်းခြံကိုပြန်မှာကို မပြန်ရဲလို့ ပြည်သူတွေကို လူသားဒိုင်းဖမ်းဆီးတဲ့ပုံစံပါ ” ဟု မြင်းခြံလူထုလှုပ်ရှားမှုကော်မတီမှ တာဝန်ရှိသူတစ်ဦးက MPA သို့ ပြောသည်။
ထို့နောက် သစ်ရုံကျေးရွာကိုဝင်ရောက်ခဲ့ပြီး အဖိုးတန်ရွှေငွေပစ္စည်းများကို လုယက်ကာ ဖမ်းဆီးလာသည့် ပြည်သူများထဲမှ တစ်ဦးအား သတ်ပစ်ခဲ့ခြင်းဖြစ်သည်။
” တူရွင်းဘို့ကနေ ထွက်လာရင် သစ်ရုံကိုရောက်တယ်လေ။ အဲဒီမှာ ဖမ်းထားတဲ့ထဲက တစ်ယောက်ကို သတ်ပစ်လိုက်တယ်။ သစ်ရုံရွာထဲက အဖိုးတန်တဲ့ ရွှေငွေအကုန်ယူတယ်။ ပြီးတော့ မြင်းခြံကို ပြန်တယ်။ မြို့နားရောက်တော့ ကျန်တဲ့လူတွေကို ပြန်လွှတ်ပေးပြီး လေးယောက်ကိုတော့ ဆက်ဖမ်းသွားတယ်။ ဘာလို့ ဖမ်းသွားလဲ မသိရဘူး ” ဟု ၎င်းက ဆက်လက်ပြောသည်။
ဇူလိုင် ၁၅ရက်က မြင်းခြံမြို့နယ်၊ ကျောက်ကန်ပျုရွာကို ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးသေဆုံးခဲ့ကြောင်း သိရသည်။