By Nway / MPA
စစ်ကိုင်းတိုင်း ၊ ချောင်းဦးမြို့ပေါ်တွင် စစ်တပ်က ပြည်သူ ၁၀ဦးခန့်ကို ဖမ်းဆီးခဲ့ပြီး ဆိုင်နှင့် နေအိမ်အချို့လည်း မီးရှို့ခံခဲ့ရကြောင်း သိရသည်။
ဇူလိုင် ၁၆ရက်၊ မွန်းလွဲ နှစ်နာရီခွဲခန့်က ချောင်းဦးမြို့ပေါ်ရှိ ပြည်သူ ၁၀ဦးခန့်အား စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီး မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မသိရသေးကြောင်း Chaung U Revolution ထံက သိရသည်။
” သူတို့ ( စစ်ကောင်စီတပ် ) က လူတစ်ယောက်ကို လာရှာတာ။ မတွေ့လို့ တခြားပြည်သူတွေကို ဖမ်းဆီးသွားတဲ့ပုံစံပါပဲ။ အိမ်ပေါ်အထိ တက်ဖမ်းသွားတာ။ ဘယ်ကို ခေါ်သွားလဲမသိရဘူး ” ဟု Chaung U Revolution မှ တာဝန်ရှိသူတစ်ဦးက MPA သို့ ပြောသည်။
မွန်းလွဲ သုံးနာရီခန့်ကလည်း ချောင်းဦးမြို့ပေါ်၊ မြို့နယ်မီးသတ်ရုံးအနီး ဗလီကျောင်းဘေးရှိ ဆိုင်နှင့် နေအိမ်အချို့လည်း မီးရှို့ခံခဲ့ရကြောင်း ၎င်းက ဆက်ပြောသည်။
” မီးခိုးလုံးတွေ တက်လာတယ်။ ဘာကြောင့်ရှို့သွားတယ်။ ဘယ်နှစ်လုံးပါတယ်ဆို မသိရဘူး။ မြို့ပေါ်ကြီး မီးရှို့ခံရတော့ ပြည်သူတွေလည်း ကြောက်ပြီး အိမ်ပြင်ကို မထွက်ရဲကြတာ ” ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့ပြင် မန္တလေး – မုံရွာ အမြန်လမ်း ၊ ချောင်းဦးလမ်းပိုင်းတွင်လည်း ပြည်သူ ၆ဦးခန့် သေနတ်နှင့် ပစ်သတ်ခံထားရပြီး အလောင်းများ တွေ့ရှိရကြောင်း ဒေသခံအချို့က ပြောဆိုကြသော်လည်း MPA အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။