တောင်ကိုရီးယားနိုင်ငံ Samsung Electronics အလုပ်သမားသမဂ္ဂ (NSEU)မှ အလုပ်သမားများသည် ရက်အကန့်အသတ်မရှိ ဆက်လက်သပိတ်မှောက်သွားမည်ဖြစ်ကြောင်း ယနေ့ (ဇူလိုင် ၁၀ရက်) ကြေညာလိုက်သည်။
အလုပ်သမားသမဂ္ဂမှ အဖွဲ့ဝင်ထောင်ပေါင်းများစွာသည် လစာတိုးပေးရန်နှင့် အခြားခံစားခွင့်များပေးရန် Samsung ကုမ္ပဏီကို ဇူလိုင် ရှစ်ရက်မှ စတင်ကာ သုံးရက်ကြာ ဆန္ဒပြတောင်းဆိုခဲ့သော်လည်း ကုမ္ပဏီအုပ်ချုပ်သူများက ဆွေးနွေးပွဲပြုလုပ်ရန် ဆန္ဒရှိကြောင်း အရိပ်အယောင်ပင် မပြသောကြောင့် သပိတ်မှောက်ကာလကို တိုးမြှင့်ရန် ဆုံးဖြတ်ခဲ့ရသည်ဟု NSEU က ပြောသည်။
Samsung ပြောရေးဆိုခွင့်ရှိသူက “ ဆန္ဒပြမှုတွေကြောင့် ထုတ်လုပ်မှုပိုင်းတွေမှာ အနှောက်အယှက်မဖြစ်ရအောင် Samsung Electronics က သေသေချာချာ ပြုလုပ်သွားမှာပါ” ဟု ပြောသည်။
သပိတ်ကြောင့် အချို့သော ချစ်ပ်လိုင်းများတွင် ထုတ်လုပ်မှု အခက်အခဲဖြစ်စေခဲ့သည်ဟု NSEU ဒုဥက္ကဋ္ဌ လီယောင်ခုက Reuters သတင်း၌ ပြောဆိုထားသည်။
နှစ်စဉ် အနားယူခွင့်နှင့် အခြေခံဘောနပ်စ်များ တိုးမြှင့်ခြင်းအပါအဝင် တောင်းဆိုချက်များကို သမဂ္ဂက တောင်းဆိုထားပြီး အလုပ်သမားများ၏ လုပ်ခလစာ ငါးဒဿမ တစ် ရာခိုင်နှုန်း တိုးပေးရန် တောင်းဆိုမှုကိုလည်း ကုမ္ပဏီက ပယ်ချခဲ့ကြောင်း သိရသည်။
Samsung သည် ကမ္ဘာ့အကြီးဆုံး Semiconductor Memory Chip ထုတ်လုပ်သည့် ကုမ္ပဏီတစ်ခု ဖြစ်ပြီး ၎င်း Chip များသည် မီးဖိုချောင်သုံးပစ္စည်းများနှင့် မိုဘိုင်းဖုန်းများမှသည် ကားနှင့်လက်နက်များအထိ အရာအားလုံးတွင် အသုံးပြုနိုင်သည့် ကမ္ဘာ့စီးပွားရေး၏ အသက်သွေးကြောလည်း ဖြစ်သည်။