By Ra Wai / MPA
စစ်မှုထမ်း အပတ်စဉ်တစ် သင်တန်းဆင်းများကို ရှေ့တန်း တန်းပို့ခဲ့ခြင်းကြောင့် မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်း စစ်တပ်ထဲ ငွေဖြင့် လူဌားလိုက်မည့်သူ ရှားသွားကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ခုနှစ်၊ ဇွန်လ ၂၈ ရက်တွင် သံဖြူဇရပ်မြို့နယ်၊ ဝဲကလိကျေးရွာရှိ အမှတ်လေး တန်းမြင့်လေ့ကျင့်ရေးကျောင်း ၌ စစ်မှုထမ်းအပတ်စဉ်တစ် သင်တန်းဆင်းပွဲ ပြုလုပ်ပြီးနောက် ခွင့်လုံးဝမပေးဘဲ ချက်ချင်းဆိုသလို ရခိုင်၊ စစ်ကိုင်းနှင့်ထားဝယ်သို့ ပို့လိုက်ခြင်းကြောင့် စစ်တပ်ထဲ လူဌားလိုက်မည့်သူများလည်း ထိတ်လန့်သွားကာ လူရှားပါးသွားခြင်းဖြစ်ကြောင်း ချောင်းဆုံဒေသခံများက ဆိုသည်။
“အားလုံးကို အောင်ကြည်သိန်း(စစ်ကောင်စီခန့်မွန်ပြည်နယ်ဝန်ကြီးချုပ်)က လိမ်တာပေါ့၊ အရင်တုန်း က သင်တန်းဆင်းတာနဲ့ ခွင့်တစ်ပတ်ပေးမယ်။ ကိုယ့်မြို့ရွာနားမှာဘဲ တာဝန်ပြန်ချပေးမယ်ဆိုပြီးပြောလို့ ငွေအဆင်မပြေတဲ့သူတွေက အန္တရာယ်မရှိလောက်ဘူးဆိုပြီး ငွေလိုချင်လို့ လူဌားလိုက်သွားတာ၊ အခုကျတော့ ခွင့်လည်းမပေးဘူး။ တကယ့်ကို အသေတိုက်ရတဲ့နေရာတွေဆီ တန်းပို့တော့ အကုန် ကြောက်ကုန်ရော” ဟု ချောင်းဆုံမြို့ အုပ်ချုပ်ရေးဝန်ထမ်းတစ်ဦးကပြောသည်။
ထို့ပြင် ကျေးရွာအုပ်ချုပ်ရေးမှူးထံ လူဌားလိုက်မည်ဟု စာရင်းပေးထားသူများမှာ ယခုအခါ မလိုက်တော့ဟု ပြောလာခြင်းကြောင့် စစ်သင်တန်းအတွက် လူငှားမရှိသည့်ပြဿနာနှင့် ကြုံတွေ့နေရခြင်းလည်းဖြစ်သည်။
“အခု အကုန်လန့်ပြီး မလိုက်တော့ဘူးဆိုလို့ ရေးတို့ သံဖြူဇရပ်တို့ဘက်အထိ လူလိုက်ရှာနေရတယ်။ ရေးနဲ့ သံဖြူဇရပ်ဘက်ခြမ်းက ရေလုပ်သားတွေထဲမှာ လိုက်မယ့်သူရှိတယ်” ဟု ချောင်းဆုံမြို့မရဲစခန်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ယခု ဇူလိုင်လလယ်တွင် စစ်မှုထမ်းအပတ်စဉ်လေးအတွက် သင်တန်းသားပေးအပ်ရမည်ဖြစ်ပြီး အဌား လိုက်မည့်သူနည်းသွားပါက ဌားခဈေးနှုန်း မြင့်တက်သွားနိုင်ကြောင်း လက်ရှိတွင် ချောင်းဆုံမြို့နယ် အတွင်းရှိ အသက်၁၈နှစ်နှင့်၃၅နှစ်အထိ အကျုံးဝင်လူငယ်ရှိသောအိမ်များက တစ်ဦးရှိလျှင် ကျပ်တစ်သောင်း ဌားရမ်းခ ပေးနေရကြောင်း ဒေသခံများထံမှ သိရသည်။
“အပတ်စဉ်တစ်တုန်းက အိမ်တိုင်း ခွဲတမ်းကျထည့်ရတယ်။ နောက်ပိုင်းကျတော့ ကိုယ့်အိမ်မှာ ၁၈ ကနေ ၃၅ နှစ်ကြား လူငယ်ရှိတယ်ဆိုမှ တစ်ယောက်ရှိရင် တစ်သောင်း၊ နှစ်ယောက်ရှိ နှစ်သောင်း လတိုင်းနီးပါး ထည့်ရတယ်။ ကိုယ့်အိမ် ထောင်စုထဲမှာ ၁၈ကနေ ၃၅ကြား လူရှိပြီး အိမ်မှာ လူရှိမနေလည်း ငွေထည့်ရတာ” ဟု ၎င်းကဆက်လက်ပြောသည်။
ချောင်းဆုံမြို့နယ်အတွင်းရှိ စစ်မှုထမ်းအကျုံးဝင်လူငယ်အများစုသည် ထိုင်းနှင့်မလေးရှားတွင် အလုပ်လုပ်နေကြခြင်းကြောင့် အိမ်၌ မရှိကြသည်ကများကြောင်း သိရသည်။
လက်ရှိတွင် ချောင်းဆုံမြို့နယ်အတွင်း စစ်မှုထမ်းအပတ်စဉ်သုံးအထိ လူ ၁၀၀ ကျော် စစ်သင်တန်းတက်နေရပြီး အများစုမှာ အခြားဒေသများက ချောင်းဆုံသို့ ရွှေ့ပြောင်းရောက်ရှိကာ အလုပ်လာလုပ်ကြသူများဖြစ်ကြောင်း ချောင်းဆုံမြို့နယ်၊ မုရစ်ကြီးရွာခံတစ်ဦးကပြောသည်။
“အခု စစ်ထဲလိုက်ကြတာက ချောင်းဆုံသား ၁၀ရာခိုင်နှုန်းကျော်ပေါ့၊ ကျန်တာက ပဲခူးတို့၊ ဧရာဝတီ တို့ဘက်ကနေ ချောင်းဆုံမှာ လယ်သူရင်းဌားနဲ့ ရေလုပ်သားလာလုပ်တဲ့သူတွေ ပိုက်ဆံနဲ့ဌားလို့ လိုက်ကြတာ၊ အောင်ကြည်သိန်းပြောသလို ကိုယ့်သဘောနဲ့ကိုယ် တိုင်းပြည်ကာကွယ်ဖို့ စစ်ထဲဝင်တာ တစ်ယောက် မှမပါဘူး။ ချောင်းဆုံမှာ အခု စစ်ထဲလိုက်တာ လူအားလုံး လူဌားချည်းပဲ၊ ပိုက်ဆံနဲ့ လိုက်ကြတာ” ဟု ၎င်းက ပြောသည်။
စစ်မှုထမ်းအပတ်စဉ်တစ် သင်တန်းဖွင့်ပွဲတွင် စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက အပတ်စဉ်တစ် သင်တန်းသားများသည် ၎င်းတို့သဘောဆန္ဒအလျောက် စာရင်းပေးသွင်းကြ သော ပြည်သူ့သားကောင်းများဟု ပြောကြားထားသည်။
စစ်မှုထမ်း အပတ်စဉ်တစ်သင်တန်းတွင် မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်မှ ၇၅ဦး တက်ရောက်ခဲ့ရပြီး ယင်း၇၅ဦးစလုံးသည် သက်ဆိုင်ရာရပ်ရွာအလိုက် တစ်ဦးကို ကျပ်သိန်း၃၀မှသိန်း၅၀ကြား ပေးကာ လူစားဌားရမ်း၍ သင်တန်းပို့ခဲ့ခြင်းဖြစ်သည်။
“၇၅ဦးဆိုတာက ချောင်းဆုံကနေ အပတ်စဉ်တစ်အတွက် ခွဲတမ်း ၇၅ဦး ပေးရမယ်ဆိုလို့ ၇၅ဦးစလုံးကို လိုက်ချင်တဲ့သူတွေဌားပြီး ပို့လိုက်ရတာ” ဟု ချောင်းဆုံမြို့၊ ဘုရားကြီးကုန်းနေ ပြည်သူတစ်ဦးက ပြောသည်။
ရေရှည်တွင် စစ်သင်တန်းအတွက် လူဌားလိုက်မည့်သူ မရှိနိုင်သောကြောင့် ချောင်းဆုံမြို့သားများကို အလစ်ဝင်ဖမ်းကာ စစ်သင်တန်းပို့ခြင်းမျိုး ဖြစ်လာနိုင်သည့်အတွက် ဒေသခံများအနေဖြင့် စိုးရိမ်မှုများရှိနေကြောင်း ၎င်းက ဆိုသည်။
စစ်မှုထမ်းအပတ်စဉ်သုံးသင်တန်းဖွင့်ပွဲကို သံဖြူဇရပ်မြို့နယ်၊ ဝဲကလိကျေးရွာ အမှတ်လေး တန်းမြင့်လေ့ကျင့်ရေးကျောင်းတွင် ဇွန်၂၅ရက်က ပြုလုပ်ခဲ့သေးသည်။
မြန်မာနိုင်ငံအနှံ့တွင် တော်လှန်ရေးတပ်ဖွဲ့များ၏ တွန်းလှန်ခြင်းကို ခံနေရသည့် စစ်ကောင်စီသည် အင်အားလျော့နည်း လာသဖြင့် အဆိုပါပြသနာကို ဖြေရှင်းနိုင်ရန်အတွက် ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် လူငယ်၊ လူရွယ်များကို စစ်တပ်ထဲဝင်ရောက်ရန် ဖိအားပေးလုပ်ဆောင်ခဲ့ခြင်းလည်းဖြစ်သည်။
ထိုကဲ့သို့ လုပ်ဆောင်မှုများကြောင့် စစ်မှုမထမ်းဆောင်လိုသည့် လူငယ်၊ လူရွယ်များသည် အိမ်းနီးချင်းနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်မှုများရှိသကဲ့သို့ တော်လှန်ရေးတပ်ဖွဲ့များသို့ ဝင်ရောက်ကာ စစ်ပညာသင်ကြားပြီး စစ်ကောင်စီအား တွန်းလှန်ရန် လုပ်ဆောင်နေသူများလည်းရှိနေပေသည်။