By Garcia Ni / MPA
စစ်ကောင်စီလက်အောက်မှ သိမ်းယူနိုင်ခဲ့ပြီးဖြစ်သော ချင်းပြည်နယ်၊ မတူပီမြို့တွင် ချင်းလဲန်းကောင်စီတပ်များနှင့် ချင်ညီနောင်မဟာမိတ်တပ်များအကြား ဖြစ်ပွားနေသည့် စစ်ရေး ပဋိပက္ခကြောင့် မတူပီမြို့စစ်ရှောင်ပြည်သူများအနေဖြင့် နေရပ် ပြန်နိုင်ခြင်းမရှိသေးကြောင်း စုံစမ်း သိရှိရသည်။
တပ်ရင်းဗျူဟာ သုံးခုဖြင့် တပ်စွဲထားသော မတူပီမြို့စစ်ကောင်စီကို ရက္ခိုင့်တပ်တော်(AA)၏ အကူအညီဖြင့် ချင်းညီနောင်(CB)မဟာမိတ်ပူးပေါင်းတပ်များက ၂၀၂၄ခုနှစ်၊ ဇွန် ကိုးရက်တွင် စတင်တိုက်ခိုက်ခဲ့ပြီးနောက် ဇွန် ၂၉ရက်တွင် အလုံးစုံသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ချင်းအမျိုးသားတပ်မတော်(CNA)ဦးဆောင်သည့် ချင်းလဲန်းကောင်စီ(CC)တပ်များက ချင်းညီနောင်(CB)မဟာမိတ်ပူးပေါင်းတပ်များအား လာရောက်တိုက်ခိုက်မှုပြုလုပ်နေခြင်းကြောင့် မတူပီမြို့၌ အုပ်ချုပ်ရေးဖော်ဆောင်နိုင်ခြင်းမရှိသေးကြောင်း CDF(မတူပီ)၊ တပ်မဟာ-၁ပြန်ကြားရေးမှူး Boi Ukက MPAကို ပြောသည်။
“ CNAဘက်က ဆက်လက်တိုက်ခိုက်နေတာကြောင့် အခြေအနေ မတည်ငြိမ်သေးလို့ ပြည်သူတွေ ဝင်လို့မရသေးပါဘူး။ CNA နဲ့ ပူးပေါင်းတပ်တွေ ပစ်လို့ CB နဲ့ မဟာမိတ်တပ်ဖွဲ့တွေ ထိခိုက်ကျဆုံးတွေရှိပါတယ်။ ဒီလ ခုနှစ်ရက်နေ့ကလည်း မင်းတပ်ရဲဘော်တစ်ယောက်ကျသွားပါတယ်။ CB + Alliance က ၁၀ ယောက်ထက်မနည်း ကျသွားပါပြီ” ဟု ၎င်းကပြောသည်။
မတူပီမြို့သိမ်းပြီးနောက် ချင်းညီနောင်မဟာမိတ်ပူးပေါင်းတပ်များအပေါ် ချင်းလဲန်းကောင်စီတပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှုသည် ဇူလိုင် နှစ်ရက်မှသုံးရက်နေ့အထိ ဒရုန်းဖြင့် ဗုံးသီး၃၃လုံး ကြဲချတိုက်ခိုက်၍ ဇူလိုင် သုံးရက်မှ ခုနှစ်ရက်အထိ ခြုံခိုတိုက်ခိုက်မှု လေးကြိမ်ပြုလုပ်ခဲ့ကြောင်း ချင်းညီနောင်က ဇူလိုင် ခုနှစ်ရက်တွင် ထုတ်ပြန်ထားသည်။
“ CNAဘက်က ဒီလိုဆက်ပစ်နေရင် တိုက်ပွဲကပိုမိုပြင်းထန်လာနိုင်ပါတယ်။ စကစတိုက်ထုတ်ရေးအားနည်းပြီး အချင်းချင်းပစ်ခတ်မှုပိုများလာနိုင်ပါတယ်။ အခုက စစ်ရေးတင်းမာနေတဲ့အနေအထားပါ? သူတို့ဘက်ကချည်းပစ်နေတော့ ကျတော်တို့ဘက်ကလည်း သည်းမခံနိုင်တော့ဘူးဗျ” ဟု CDF(မတူပီ)၊ တပ်မဟာ(၁)ပြန်ကြားရေးမှူး Boi Ukက ဆက်ပြောသည်။
ချင်းပြည်ကာကွယ်ရေးတပ်(မတူပီ)တွင် တပ်မဟာနှစ်ခုရှိပြီး တပ်မဟာတစ်သည် ချင်းညီနောင်(CB)အဖွဲ့ဝင်ဖြစ်၍ တပ်မဟာနှစ်သည် ချင်းလဲန်းကောင်စီ(CC)အဖွဲ့ဝင်ဖြစ်သည်။
လက်ရှိဖြစ်ပေါ်နေသော တိုက်ပွဲများနှင့်ပတ်သက်၍ ချင်းလဲန်းကောင်စီ(CC)တပ်များအနေဖြင့် ချင်းညီနောင်(CB)နှင့်တိုက်ပွဲဖြစ်ပွားခြင်းထက် ရက္ခိုင့်တပ်တော်(AA)နှင့် ပိုမိုတိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ကြောင်း CCအဖွဲ့ဝင် CDF(မတူပီ)၊ တပ်မဟာနှစ် တပ်မဟာမှူး ဆလိုင်းနိုင်ဂျွန်ကိမ်းက MPAကို ပြောသည်။
“ အဓိကAAနဲ့ ပစ်ခတ်မှုတွေဖြစ်တာကတော့ စစ်မျက်နှာဖွင့်တဲ့နေရာတွေကို တစ်ဖက်နဲ့တစ်ဖက်လိုက်နာမှုမရှိတာတွေ၊ ကျူးကျော်လုပ်တဲ့ဟာတွေ၊ စစ်ရဲ့နည်းဗျူဟာတွေကို တစ်ဖက်ကချိုးဖောက်တာတွေ အဓိကရှိလို့ပါ” ဟု ၎င်းက ဆိုသည်။
CDF(မတူပီ)၊ တပ်မဟာနှစ်အနေဖြင့် မတူပီမြို့အုပ်ချုပ်ရေးကို ပြည်သူ့ဆန္ဒနှင့်အညီဖော်ဆောင်သွားမည်ဖြစ်ပြီး ဒေသခံပြည်သူများသည် ချင်းလဲန်းကောင်စီကိုသာထောက်ခံကြသည်ဖြစ်၍ ချင်းညီနောင်အနေဖြင့်အုပ်ချုပ်ရေးဖော်ဆောင်ပါက အတင်းအဓမ္မအုပ်ချုပ်ရေးဖော်ဆောင်ခြင်းဟု မှတ်ယူရမည်ဖြစ်ကြောင်း ဆလိုင်းနိုင်ဂျွန်ကိမ်းက ဆက်လက်ပြောသည်။
လက်ရှိအခြေအနေအရ မတူပီမြို့နယ်တွင် သက်ဆိုင်ရာနယ်မြေများ၌ သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့များက အုပ်ချုပ်ရေးဖော်ဆောင်၍ နောက်ပိုင်းတွင် ညှိနှိုင်းကာ ဗဟိုလွှမ်းခြုံသည့် အုပ်ချုပ်ရေးဖော်ဆောင်သင့်ကြောင်း ချင်းနိုင်ငံရေးလေ့လာသုံးသပ်သူ ဆရာခိုင်ဆာက သုံးသပ်သည်။
“ ဒီအခင်းအကျင်းအပေါ် စိတ်မကောင်းပါဘူး။ ဒီလိုတွေဖြစ်လာမှာကို အရင်ကတည်းက ခဏခဏ သတိပေးဖြစ်ပါတယ်။ အခုတကယ်ဖြစ်လာပြီ၊ ဒါပေမယ့် အချိန်အခါတစ်ခု ရောက်လာရင် ပြေလည်လာမှာပါ၊ အခုတော့ သွေးဆူနေကြတဲ့အနေအထားမှာ ဖြေရှင်းလေလေ ပဋိပက္ခပိုကြီးလေလေ ဖြစ်မှာပါ၊ အချိန်သင့်အခါသင့် အနေအထားတစ်ခု ဖြစ်လာဖို့ စောင့်ရမှာဘဲ” ဟု ၎င်းက ပြောသည်။
လက်ရှိ မတူပီမြို့ပေါ်နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများသည် စစ်ကောင်စီနှင့်တိုက်ပွဲများမဖြစ်ပွားမီကတည်းက တော်လှန်ရေးအဖွဲ့များ၏ ထုတ်ပြန်သတင်းပေးမှုကြောင့် ဘေးလွတ်ရာသို့ရှောင်တိမ်းနေကြရပြီး ရာသီဥတုအခြေအနေများကြောင့် ဖျားနာမှုများလည်း ဖြစ်ပွားလျက်ရှိကြောင်းသိရသည်။
မတူပီမြို့နယ်တွင်း တိုက်ပွဲအခြေအနေများကြောင့် ဒေသခံပြည်သူများအနေဖြင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်နှင့် တောရွာများဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး စစ်ကောင်စီကင်းစင်သွားသော်လည်း အချင်းချင်းဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် ယခုချိန်အထိ ဆက်လက်တိမ်းရှောင်နေကြရခြင်းဖြစ်သည်။