By Nadi Shweyi / MPA
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ဆဲရ်ချီပ် (Serchhip) ခရိုင်အကျဉ်းထောင်မှ ထွက်ပြေးသွားသည့် မြန်မာနိုင်ငံသားတစ်ဦးမှာ ယနေ့နံနက်ပိုင်းအထိ လွတ်မြောက်နေဆဲဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသားနှစ်ဦးဖြစ်သည့် အသက် ၄၄ နှစ်အရွယ်ရှိ ဦးလာလ်ချန်ဟီမ်းမာ (Lalchhanhima) နှင့် အသက် ၃၁ နှစ်အရွယ်ရှိ ဦးလာလ်နွန်နဲမ်မာ (Lalnunnema) တို့သည် ဇူလိုင် ၆ ရက် ညနေပိုင်းက ဆဲရ်ချီပ် (Serchhip) အကျဉ်းထောင်မှ ထွက်ပြေးသွားခြင်းဖြစ်ပြီး ဦးလာလ်ချန်ဟီမ်းမာအား ဇူလိုင်ခုနှစ်ရက်၌ ပြန်လည်ဖမ်းဆီးမိခဲ့ကြောင်း Vanchengte (ဗန်ချင့်သဲ)ဒေသခံအချို့ထံက သိရသည်။
“ ပြန်ဖမ်းမိတဲ့သူက ပေ ၃၀ လောက်မြင့်တဲ့ ကမ်းပါးကနေပြုတ်ကျတာ။ ဒဏ်ရာတွေနဲ့ ပြန်ဖမ်းမိတာ” ဟု Vanchengte (ဗန်ချင့်သဲ)ဒေသခံတစ်ဦးက MPAသို့ ပြောသည်။
ဦးလာလ်ချန်ဟီမ်းမာ ကို ဆဲရ်ချီပ်ရဲတပ်ဖွဲ့က ပိုက်စိပ်တိုက်ရှာဖွေနေဆဲ ဖြစ်ကြောင်းသိရသည်။
ဦးလာလ်နွန်နဲမ်မာကို ဆဲရ်ချီပ် အကျဉ်းထောင်နှင့် ၁၂ ကီလိုမီတာကွာဝေးသည့် ဗန်ချင့်သဲဒေသတွင် ပြန်လည် ဖမ်းမိခဲ့ခြင်းဖြစ်သည်။
၎င်းကို ဆဲရ်ချီပ်ရဲတပ်ဖွဲ့နှင့် Vanchengte ကျေးရွာ၊ ရပ်ရွာအဖွဲ့အစည်းများ၏ အကူအညီဖြင့် ကယ်ထုတ်ခဲ့ကြပြီးနောက် ဒဏ်ရာများကုသမှုခံယူရန် အိုင်ဇောလ်မြို့ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း All India Radio ကဖော်ပြသည်။
ထွက်ပြေးသူနှစ်ဦးသည် ဇူလိုင်ခြောက်ရက်တွင် ထောင်သားများ ထောင်အတွင်း ဘော်လီဘော ကစားခဲ့ကြပြီးနောက် ပစ္စည်းများကို ထောင်တံခါးဝနားက ဂိုထောင်၌ သိမ်းနေစဉ် ထောင်စောင့် များအား လိမ်လည်ပြီး ထောင်တံခါးပေါက်မှ ထွက်ပြေးခဲ့ကြခြင်းဖြစ်ကြောင်း ဆဲရ်ချီပ်ဒေသခံအချို့ ထံက သိရသည်။
၎င်းတို့နှစ်ဦးသည် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်ကဖြစ်ပြီး ပြီးခဲ့သည့် ဇွန်လ ခုနှစ်ရက်တွင် ဆဲရ်ချီပ်မြို့၊ Darnam ရပ်ကွက်ရှိ ဒေါ်လာလ်ဒုဇွလ်းအီး၏နေအိမ်တွင် ရူပီး ၁,၀၈၉,၀၀၀ တန်ဖိုးရှိ AK-47 ကျည်ဆန် ၁၉၈၀ နှင့်ဆိုင်ကယ်တစ်စီးနှင့်အတူ ဆဲရ်ချီပ်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ် သည်။