By Nway / MPA
မန္တလေးတိုင်း ၊ မန္တလေး – မတ္တရာလမ်းပေါ်တွင် စစ်ကောင်စီတပ်က ခရီးသွားယာဉ်များနှင့် ပြည်သူအချို့ကို ဖမ်းဆီးထားကြောင်း သိရသည်။
ယနေ့ ( ဇူလိုင်ရှစ်ရက် ) နံနက် ငါးနာရီခွဲခန့်မှစ၍ စစ်သားများသည် မန္တလေး – မတ္တရာလမ်းပေါ်ရှိ တံတားများတွင် ကင်းပုန်းဝပ်ကာ ခရီးသွားယာဉ်များနှင့် ပြည်သူအချို့ကို ဖမ်းဆီးထားကြောင်း မတ္တရာမြို့နယ်အနောက်ခြမ်းမှ ဒေသခံပြည်သူတစ်ဦးထံက သိရသည်။
” ဒီလမ်းပိုင်းမှာ တံတားက လေးစင်းလောက်ရှိတယ်။ ခုက ခရီးသည်ကားတွေရော ၊ ကားပေါ်မှာပါတဲ့ပြည်သူတွေလည်း ဖမ်းထားတယ်။ နောက်ပြီး ကားအလွတ်တွေပေါ့။ ဒါတွေကိုလည်း ဖမ်းထားတယ်။ ဘယ်လောက်များများ ဖမ်းထားတယ်ဆိုတာတော့မသိသေးဘူး ” ဟု ၎င်းက MPA သို့ ပြောသည်။
ဖမ်းဆီးခံထားရသော ကားနှင့် လူအရေအတွက်ကို မသိသော်လည်း ယနေ့မွန်းလွဲ တစ်နာရီကျော်အထိ ဖမ်းဆီးဆဲဖြစ်သလို အဖမ်းခံရသူများကိုလည်း ပြန်မလွှတ်သေးကြောင်း သိရသည်။
ထို့အပြင် မတ္တရာမြို့နယ်အတွင်း စစ်ရေးတင်းမာနေသောကြောင့် မတ္တရာမြို့ပေါ်နေ ပြည်သူအချို့မှာ အနီးအနားရှိ ကျေးရွာများသို့ စစ်ရှောင်လာမှုများလည်း ရှိနေကြောင်း သိရသည်။
” မတ္တရာမြို့ပေါ်ကနေ ပြည်သူတွေလည်း ကျတော်တို့ဘက်ကို ရှောင်လာကြတယ်။ နီးစပ်ရာအသိအကျွမ်းတွေဆီမှာပဲ ဒီလိုပဲနေကြပြုကြပေါ့။ မတ္တရာမြို့ ဘောလုံးကွင်းကနေ ဟောင်ဝှစ်ဇာတွေနဲ့ ပစ်နေတာတော့ နေ့ရောညရောပဲ” ဟု ၎င်းကဆက်လက်ပြောသည်။
ဇူလိုင် ခုနှစ်ရက်နေ့ကလည်း မတ္တရာမြို့နယ် ရုံးပင်ရွာအနီးကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ အမျိုးသမီးတစ်ဦးသေဆုံးကာ ကလေးငယ် နှစ်ဦးအပါအဝင် ငါးဦးဒဏ်ရာရရှိခဲ့သေးသည်။
မတ္တရာမြို့နယ်အတွင်းရှိ စစ်တပ်စခန်း၂၅ခုကို အပြီးသတ်သိမ်းပိုက်ထားပြီဖြစ်ကြောင်း ဇူလိုင်ခြောက်ရက် ညပိုင်းတွင် MDY-PDF က သတင်းထုတ်ပြန်သည်။
MDY-PDF နှင့် ပူးပေါင်းတပ်တို့သည် ရှမ်းမန်းစစ်ဆင်ရေးအဖြစ် ဇွန်လ၂၅ရက်မှစတင်ကာ မတ္တရာစစ် မျက်နှာတွင် ထိုးစစ်ဆင်လျက်ရှိသည်။