ဂါဇာကမ်းမြောင်ဒေသရှိ ကလေးငယ်များသည် ရေရရှိရန် တစ်နေ့လျှင် ရှစ်နာရီနီးပါး သယ်ဆောင်နေရကြောင်း ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီ (UNRWA) က ဇူလိုင်ခြောက်ရက်တွင် ပြောကြားသည်။
X-Twitter ၏ ပို့စ်တစ်ခုတွင်လည်း အစာနှင့်ရေယူဆောင်ရန် ကလေးများ အလွန်ဝေးစွာ လမ်းလျှောက်ရပုံကို ဖော်ပြခဲ့ပြီး မိလ္လာစနစ်နှင့် အခြေခံအဆောက်အအုံများ ဆိုးရွားစွာ ထိခိုက်ပျက်စီးနေသဖြင့် ဆေးကြောသန့်စင်ရန်နှင့် သောက်သုံးရန်ပင် ပင်လယ်ရေကို အားကိုးနေရကြောင်း အေဂျင်စီက မှတ်ချက်ပြုထားသည်။
ပြင်သစ် နိုင်ငံပိုင်နိုင်ငံတကာရေဒီယိုသတင်းကွန်ရက် (RFI) ကလည်း ဂါဇာရှိ ပါလက်စတိုင်းလူမျိုး အများအပြားသည် ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ ခြင်၊ အမဲစက်နှင့် အခြားပြင်းထန်သောအဖုများ အပါအဝင် အရေပြားရောဂါများ ခံစားနေကြကြောင်း ဆိုသည်။
ပါလက်စတိုင်းနယ်မြေများတွင် လူပေါင်း တစ်သိန်းခွဲကျော်သည် ဆိုးဝါးသော အခြေအနေများကြောင့် အရေပြားရောဂါများ ခံစားနေရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း ထုတ်ပြန်ထားသည်။
ဆေးဝါးပညာရှင် ဟာမစ်ဒ် က ရေနွေးနှင့်ရေသန့် မရှိခြင်းသည် ကလေးများ၏ အသားအရေကို ထိခိုက်စေကြောင်း ပြောသည်။
လွန်ခဲ့သည့်လအတွင်း ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏ ပိတ်ဆို့မှုကြောင့် ကလေးငယ်များ အာဟာရချို့တဲ့မှုနှင့် ငတ်မွတ်ခေါင်းပါးမှုတို့ ကြုံတွေ့ခဲ့ရကြောင်း ဂါဇာရှိ Kamal Adwan ဆေးရုံ ဒါရိုက်တာ Husam Abu Safiya ၏ ပြောပြချက်အရ သိရသည်။
ဟားမတ်စ်အဖွဲ့၏ ၂၀၂၃ခုနှစ်၊အောက်တိုဘာ ခုနှစ်ရက်နေ့ တိုက်ခိုက်မှုအပြီး အစ္စရေးနိုင်ငံက ဂါဇာကမ်းမြောင်ဒေသကို ထိုးစစ်ဆင်ခဲ့ရာ ယခုအချိန်အထိ ပါလက်စတိုင်းလူမျိုး သုံးသောင်း ရှစ်ထောင်ကျော် သေဆုံးကာ ရှစ်သောင်းခုနှစ်ထောင်ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသန္တရကျန်းမာရေး အာဏာပိုင်များက ဆိုသည်။