By Nadi Shweyi / MPA
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် အနောက်မြောက်ပိုင်းရှိ နန်းချောင်းရွာထဲသို့ စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကြဲခဲ့ရာ ဒေသခံ အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ယနေ့ (ဇူလိုင်ခြောက်ရက်)နံနက် ကိုးနာရီခန့်တွင် ကလေးမြို့ အောင်မြင်သာရွာ(ခ)သဲကုန်းတန်းရွာ၌တပ်စွဲထားသည့် စစ်ကောင်စီတပ်က နန်းချောင်းရွာကို ဒရုန်းဖြင့်ဗုံးကြဲခဲ့ခြင်းဖြစ်ပြီး ဦးဇော်မင်းထွန်း(ခ)ဦးမောင်ဇော်(၃၈နှစ်)မှာ ဗုံးသီးထိမှန်ကာ သေဆုံးခဲ့ ကြောင်း နန်းချောင်းရွာသားတစ်ဦးထံက သိရသည်။
“ စကစက နန်းချောင်းရွာကို ဒီမနက် ဗုံးနဲ့လာချသွားတာမှာ ကိုမောင်ဇော်ဗုံးထိသွားတယ်။ ဆေးရုံကိုပို့ပေမယ့် ဒဏ်ရာပြင်းထန်တော့ ဆေးရုံမှာပဲဆုံးသွားတယ်” ဟုနန်းချောင်းရွာသားတစ်ဦး က MPAသို့ပြောသည်။
ဦးဇော်မင်းထွန်း(ခ)ဦးမောင်ဇော်သည် ဆည်တော်ဦးရွာဇာတိဖြစ်ပြီး ဇနီးနှင့်သားသမီး သုံးယောက်ရှိကာ နန်းချောင်းရွာ၌ အခြေချနေထိုင်နေသူဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် ကလေးမြို့မြောက်ပိုင်းကို ဒရုန်းဖြင့် နေ့စဉ်နီးပါးဗုံးချနေခြင်းဖြစ်ပြီး ၄င်းတို့ အထိုင်ချထားသော အောင်မြင်သာရွာ(ခ)သဲကုန်းတန်းရွာနှင့် နန်းချောင်းရွာမှာ တစ်မိုင်နှင့် နှစ်ဖာလုံခန့်သာ ဝေးကြောင်း သိရသည်။
အိမ်ခြေ ၃၀၀ ဝန်းကျင်ရှိသော နန်းချောင်းရွာကို စစ်ကောင်စီတပ်က ပြီးခဲ့သည့် ဧပြီ ၂၄ ရက်နေ့မှစတင်ကာ မီးရှို့ခဲ့ရာ ဘုရားကျောင်း လေးကျောင်းအပါအဝင် လူနေအိမ်များစွာ မီးလောင်ပျက်စီးခဲ့ပြီး ယခုလက်ရှိတွင် လူနေအိမ် ၁၅လုံးသာကျန်ရှိတော့ကြောင်း သိရသည်။
ကလေးမြို့နယ်မြောက်ပိုင်းကို စစ်ကောင်စီတပ်က ဧပြီဆန်းပိုင်းမှစတင်ကာ နယ်မြေရှင်းလင်းရေး အကြောင်းပြချက်ဖြင့် ရွာစဉ်လှည့်စစ်ကြောင်းထိုးနေသလို နေအိမ်မီးရှို့ဖျက်ဆီးမှုများပါ လုပ်ဆောင်နေကြောင်း ကာကွယ်ရေးတပ်ဖွဲ့များထံက သိရသည်။