မြန်မာနိုင်ငံရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းတွင် အဖမ်းခံထားရသည့် ခင်ပွန်းသည်၏ တုန်လှုပ်ခြောက်ခြားဖွယ်အတွေ့အကြုံများကို ဇနီးဖြစ်သူက ထုတ်ဖော်ပြောကြားလိုက်ကြောင်း TEMPO.CO အင်ဒိုနီးရှားသတင်း၌ ယနေ့(ဇူလိုင်၄ရက်) ဖော်ပြထားသည်။
ဖမ်းဆီးခံရသူ ဒီဒီး ၏ ဇနီးဖြစ်သူ နာမာယာ က ၎င်း၏ အမျိုးသားကို မြန်မာနိုင်ငံရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းတစ်ခုက ဘန်ကောက်တွင် မြင့်မားသောလစာပေးမည်ဆိုကာ လှည့်စားခဲ့သည်ဟု ဆိုသည်။
၂၀၂၂ ခုနှစ်၊ ဇွန်လတွင် ဒီဒီး သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်၌ လစာ ရူပီး ၁၀သန်းမှ သန်း ၂၀ အထိ ရနိုင်သည့် အိုင်တီအလုပ်အတွက် အွန်လိုင်းမိတ်ဆွေအချို့ထံက ကမ်းလှမ်းမှု လက်ခံရရှိခဲ့ပြီး နောက်ပိုင်း၌ ၎င်းမိတ်ဆွေများသည် လူကုန်ကူးသူများအဖြစ် သိရှိခဲ့သည်။
Zoom မှတစ်ဆင့် အကြိမ်ကြိမ် ဆက်သွယ်ပြီးနောက် ၂၀၂၂ခုနှစ်၊ဇူလိုင် ၁၀ ရက်တွင် ဒီဒီး သည် အခြား ၁၀ ယောက်နှင့်အတူ ဘန်ကောက်သို့ ထွက်ခွာခဲ့သည်။
ဒီဒီး သည် သူ့ဇနီးကို ဘန်ကောက်သို့ ရောက်ရှိပြီဖြစ်ကြောင်း အကြောင်းကြားကာ ဟိုတယ်တစ်ခုတွင် တည်းခိုခဲ့ပြီး နောက်တစ်နေ့၌ ဒီဒီးနှင့်အဖွဲ့ကို မဲဆောက်မြို့သို့ ခေါ်ဆောင်၍ ထိုမှတစ်ဆင့် လှေငယ်ဖြင့် မြန်မာနိုင်ငံဘက်သို့ ပို့ဆောင်ခဲ့သည်။
ယင်းနောက် ၎င်းတို့၏ နိုင်ငံကူးလက်မှတ်များကို သိမ်းဆည်းခဲ့ပြီး နှစ်ပတ်ကြာသည့်အခါ ၎င်းတို့၏အဆက်အသွယ်များကိုလည်း ကန့်သတ်ခဲ့သော်လည်း ကံကောင်းထောက်မစွာဖြင့် ဒီဒီး သည် သူ၏မိန်းမနှင့် တိတ်တဆိတ် ဆက်သွယ်နိုင်ခဲ့သည်။
“နှစ်ပတ်လောက်ကြာတော့ သူတို့ အလိမ်ခံရပြီဆိုတာကို ကျမ အမျိုးသားက သိလိုက်တယ်။ အာရှနဲ့ ဥရောပက လူတွေကို ပစ်မှတ်ထားပြီး အွန်လိုင်းလိမ်လည်တဲ့အလုပ်တွေကို အတင်းဖိအားပေး လုပ်ခိုင်းနေတယ်” ဟု သူ၏ဇနီး နာမာယာ က ပြန်ပြောပြသည်။
တစ်နေ့ကို အလုပ်ချိန် ၁၇ နာရီအထိ လုပ်ကိုင်နေကြရပြီး သတ်မှတ်ထားသည့်အလုပ် မပြီးမြောက် ပါက လျှပ်စစ်ရှော့တိုက်ခြင်း၊ ရိုက်နှက်ခြင်းနှင့် ချုပ်နှောင်ခြင်း အပါအဝင် ရက်စက်ကြမ်းကြုတ်သော ပြစ်ဒဏ်များ ပေးကြောင်း သိရသည်။
အစောင့်များက သေနတ်များ ကိုင်ဆောင်ထားပြီး အိပ်ရာထနောက်ကျခြင်း၊ အချိန်မီအလုပ်မဝင်နိုင်ခြင်းနှင့် အလုပ်ထဲတွင် အိပ်ပျော်သွားခြင်းများကြောင့်လည်း အပြစ်ပေးခံရကြောင်း ဆိုသည်။
နာမာယာ သည် အခြားဖမ်းဆီခံထားရသူများ၏ မိသားစုများနှင့် အဖွဲ့တစ်ခု ဖွဲ့စည်းခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန၊ သံရုံး၊ ရဲတပ်ဖွဲ့နှင့် လူ့အခွင့်အရေးကော်မရှင် အပါအဝင် သက်ဆိုင်ရာ အာဏာပိုင်များထံ အခြေအနေအရပ်ရပ်ကို တင်ပြခဲ့သည်။
အခြားနိုင်ငံများက ဓားစာခံများကို အောင်မြင်စွာ ကယ်တင်နိုင်ခဲ့သော်လည်း မိမိနိုင်ငံက မကယ်တင်နိုင်သေးသည့်အပေါ် နိုင်ငံခြားရေးဝန်ကြီးဌာနအပေါ် အထူးစိတ်ပျက်မိကြောင်း နာမာယာ က ပြောသည်။
အာဆီယံအဆင့်တွင် အွန်လိုင်း လိမ်လည်မှု ပြဿနာကို ဖြေရှင်းရန် နိုင်ငံခြားရေးဝန်ကြီး ရတ်နို မာဆူဒီ ကိုယ်တိုင် ကမ္ဘောဒီးယားသို့ သွားရောက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ အင်ဒိုနီးရှားနိုင်ငံသားများ ကာကွယ်စောင့်ရှောက်ရေး ညွှန်ကြားရေးမှူး ဂျူဒါ နူးဂရာဟ က ပြောသည်။
ဒီဒီးနှင့် အဖွဲ့သည် ဒေသအာဏာပိုင်များ လက်လှမ်းမမီသော လက်နက်ကိုင်တပ်များ ထိန်းချုပ်ထားသည့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဖလူးကျေးရွာတွင် ဖမ်းဆီးခံထားရနိုင်ကြောင်း ဇူလိုင် သုံးရက်တွင် ၎င်းက ဆိုသည်။
သမ္မတ ဂျိုကို ဝီဒိုဒိုထံကိုပင် ယခုကိစ္စကို ကြားဝင်ဆောင်ရွက်ပေးရန်အတွက် အသနားခံထားသည့် အိတ်ဖွင့်ပေးစာ တစ်စောင် ပေးပို့ခဲ့သော်လည်း အဆိုပါ ကြိုးပမ်းမှုများသည် ယခုအချိန်အထိ ရလဒ် ထွက်ပေါ်မလာသေးကြောင်း နာမာယာ ၏ ပြောပြချက်အရ သိရသည်။