By Ra Wai / MPA
မြန်မာနိုင်ငံတစ်ဝန်း လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်မှာ ပိုမိုဆိုးရွားလာကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး(UNOCHA Myanmar)က ယနေ့(ဇူလိုင်သုံးရက်) ထုတ်ပြန်သည်။
နိုင်ငံတစ်ဝန်း ပဋိပက္ခများ ဆက်လက် ဖြစ်ပွားနေသောကြောင့် အရပ်သားကာကွယ်စောင့်ရှောက်မှုဆိုင်ရာ စိုးရိမ်ဖွယ်ရာများလည်း တိုးမြင့်လာသလို မြေမြှုပ်မိုင်းများ ပျံ့နှံ့နေမှု၊ ပေါက်ကွဲစေတတ်သော စစ်လက်နက် အကြွင်းအကျန်များ အပြင် လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရမှုများ ဆက်လက်ဖြစ်ပေါ်နေကြောင်း UNOCHA Myanmar ကဆိုသည်။
“အဲဒီတော့ မေးစရာက ထပ်တလဲလဲ မေးခဲ့သလိုပါပဲ။ကုလသမဂ္ဂဘာလုပ်မလဲလို့ပဲ မေးရပါမယ်။ စစ် ကောင်စီက ဒီနေရာမသွားနဲ့၊ဒီပြည်သူတွေကို အကူအညီမပေးနဲ့လို့ မြန်မာနိုင်ငံထဲက ကုလအဖွဲ့အ စည်းတွေကို ညွှန်ကြားနေတဲ့အပေါ် ဆက်လက်လိုက်နာမလား။ဒုက္ခရောက်နေတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ရတဲ့နည်းလမ်းနဲ့ အကူအညီပေးမလား” ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေး ဆောင်းပါးရှင်တစ်ဦးက MPAသို့ ပြောသည်။
တစ်နိုင်ငံလုံးတွင် လူဦးရေ သုံးသန်းခန့် ပြည်တွင်းနေရပ်စွန့်ခွာရနိုင်ကြောင်း UNOCHA Myanmar က ခန့်မှန်းထားပြီး အသစ် နေရပ်စွန့်ခွာပြည်သူများမှာ မုတ်သုံရာသီ၏ ပြင်းထန်သည့် ရာသီဥတုဒဏ်ကြားတွင် သင့်လျော်သော မှီခိုရာနေရာမရှိဘဲ နေထိုင်နေကြရကြောင်းလည်း ဆိုသည်။
ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေမြို့အနီးတွင် အသစ်စိုက်မိုင်း၊ အဓမ္မ နှင်ထုတ်မှုနှင့် အစုလိုက်ဖမ်းဆီးမှု စသည့် သတင်းများနှင့်အတူ အရပ်သားကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ စိုးရိမ်စရာ တိုးမြင့်လာနေပြီးကချင်ပြည်နယ်၏မြို့တော် မြစ်ကြီးနားမြို့အနီး ခြောက်မိုင်ခန့်အကွာအထိ တိုက်ပွဲများ နီးကပ်လာနေကြောင်း UNOCHA Myanmar က ဆိုသည်။
ထို့အပြင်ရှမ်းပြည်နယ် မြောက်ပိုင်းတွင် စစ်တပ်နှင့် ညီနောင်မဟာမိတ်သုံးဖွဲ့တို့ကြား ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ပျက်ပြယ်သွားခဲ့ပြီး ဇွန်လ နောက်ဆုံးပတ်အတွင်း မြို့နယ် အများအပြား၌ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။