By Ra Wai / MPA
မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်း၊ တွင်းမပျူရွာသို့ ရောက်ရှိနေသော ရိက္ခာပို့စစ်ကြောင်းကြောင့် ဒေသခံထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။
ဇွန်လ တစ်ရက်၊ ည ကိုးနာရီဝန်းကျင်က ပခုက္ကူတပ်မ ၁၀၁မှ တွင်းမပျူရွာသို့ ရောက်ရှိနေသော ရိက္ခာပို့စစ်ကြောင်းသည် သရက်ပျူရွာ၊ ကနီပျူရွာ၊ သရက်ကွပျူရွာနှင့် ဝက်ပုတ်ပျူရွာတို့သို့ ရိက္ခာပို့ဆောင်ရန် ပြင်ဆင်နေသဖြင့် တွင်းမပျူရွာအနီးရှိ ကျေးရွာ ၄ရွာမှ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း မြိုင်မြို့နယ်တောင်ပိုင်းနေ ဒေသခံတစ်ဦးကပြောသည်။
“ စစ်ကြောင်းက ရွာပတ်ချာလည်ပဲ လှည့်ပြီးတော့ သွားနေတယ်။ ဘယ်မှလည်း ရှေ့မဆက်သေးဘူး။ ထွက်လိုက် ဝင်လိုက်လုပ်နေတာ။ ကိုင်းတောမဘက်ကတော့ ရှောင်ရတယ်” ဟု ၎င်းကပြောသည်။
အရေးပေါ်စစ်ကြောင်းရှောင်နေကြရသော ရွာများမှာ ကိုင်းတောမ၊ အိုရင်း၊ သာစည်နှင့် ပန်းတိုင်းတောရွာတို့ဖြစ်ပြီးယင်းကျေးရွာများသည် စစ်ကြောင်း ဖြတ်သန်းသွားလာမည့်လမ်းကြောင်းပေါ်တွင် ရှိနေသဖြင့် ကြိုတင်ရှောင်ကြခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။
မြိုင်မြို့နယ်အတွင်းရှိ ပျူစောထီးရွာများ ရိက္ခာပြတ်နေသည်မှာ သုံးလကျော်ကြာနေပြီဖြစ်ကြောင်းသိရသည်။