နယူးယောက်ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် အသက်၁၃နှစ်အရွယ် မြန်မာလူငယ်တစ်ဦး သေဆုံးခဲ့ သည့် အပေါ် တရားမျှတမှုရရှိရေးအတွက် ၎င်း၏မိသားစုနှင့် ရွှေ့ပြောင်းအခြေချအသိုင်း အဝိုင်း က ဇွန် ၃၀ရက်တွင် တောင်းဆိုလိုက်သည်။
သေဆုံးသူ Nyah Mway သည် နယူးယောက်၊ ယူတီကာမြို့တွင် မကြာသေးမီ ရက်ပိုင်းကမှ အလယ်တန်းအောင်မြင်ပြီးမြောက်ထားခြင်း ဖြစ်ပြီး ဇွန် ၂၈ ရက်က ရဲတပ်ဖွဲ့နှင့် တွေ့စဥ် သေနတ်ကိုင်ဆောင်ထားသည်ဟုဆိုကာ ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်သည်။
ယူတီကာ ရဲချုပ် Mark Williams က “လူငယ်ရဲ့ ရင်ဘတ်ကို ကျည်တစ်ချက် ထိမှန်ပြီး သေဆုံးခဲ့ပါတယ်။အခုလို ပစ်ခတ်မှုဟာ ပါဝင်ပတ်သက်သူအားလုံးအတွက် အလွန်ကြေကွဲဖွယ်ပါ” ဟု ပြောသည်။
လွန်ခဲ့သည့်ရက်က ဖြစ်ပွားခဲ့သည့် လက်နက်ကိုင် လုယက်မှုမှ သံသယရှိသူများနှင့် တူညီနေသောကြောင့် Nyah နှင့် တခြားလူငယ်တစ်ဦးတို့ကို ရပ်ခိုင်းခဲ့သော်လည်း Nyah သည် ရုတ်တရက် လှည့်ကာ ထွက်ပြေးသွားခဲ့ကြောင်းအရာရှိတစ်ဦးသည် Nyah ကို ဖမ်းမိကာ ၎င်းတို့နှစ်ဦး မြေပြင်ပေါ်တွင် လုံးထွေးနေချိန် အခြားအရာရှိ Patrick Husnay က ပစ်ခတ်ခဲ့ကြောင်း ရဲအရာရှိများ၏ ခန္ဓာကိုယ်၌တပ်ဆင်ထားသည့် ကင်မရာ၏ ဖော်ပြချက်အရ သိရသည်ဟုရဲတပ်ဖွဲ့က ဆိုသည်။
ထွက်ပြေးချိန်တွင် သေနတ်ဟု ယုံကြည်ရသည့် အမည်းရောင် ပစ္စည်းတစ်ခု Nyah တွင် ရှိနေခဲ့သည်ဟု ဆိုသော်လည်း နောက်ပိုင်းတွင် ၎င်းမှာ (pellet gun) လေသေနတ်သာ ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။
“ရဲတွေရဲ့ပြောဆိုချက်တွေက ရဲအရာရှိတွေကို အကာအကွယ်ပေးဖို့ ကြိုးစားနေပုံရတယ်။ ဒီလို မဖြစ်သင့်ပါဘူး။ ကျမတို့ရဲ့ ရဲအရာရှိတွေကို ပိုကောင်းအောင် လေ့ကျင့်ပေးဖို့ လိုတယ်။ တာဝန်ခံဖို့လည်း လိုတယ်။ ဒါက ကလေးတိုင်းကို မလုပ်သင့်ဘူး” ဟု Nyah ၏ အစ်မဝမ်းကွဲ Isabella Moo က ပြောသည်။
Nyah ၏ မိသားစုသည် လွန်ခဲ့သော ဆယ်စုနှစ် နှစ်ခုခန့်က မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ထွက်ပြေးခဲ့ပြီး ၎င်းကို ဒုက္ခသည်စခန်းတွင် မွေးဖွားခဲ့ကာ လွန်ခဲ့သည့် ကိုးနှစ်ခန့်က အမေရိကန်သို့ ပြန်လည်နေရာချထားရေး အစီအစဉ်ဖြင့် ပြောင်းရွှေ့နေထိုင်ခဲ့ကြောင်း သိရသည်။