By Sayar Ngaat / MPA
မြန်မာနိုင်ငံကို ဆောင်းခိုရန်လာရောက်ကြသည့် စာဝါကျားငှက်များသည် ကမ္ဘာလုံးဆိုင်ရာ မျိုးသုဉ်းမှုအန္တရာယ် စာရင်းဝင်နေသည့်အတွက် ထိန်းသိမ်းရန် လိုအပ်လျှက်ရှိကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်သူများထံမှ သိရသည်။
စာဝါကျားငှက်သည် စာကလေးမျိုးနွယ်ဝင်ငှက်တစ်မျိုးဖြစ်ပြီး အာရှတိုက်အရှေ့မြောက်ခြမ်းနှင့် ဥရောပတိုက် အရှေ့ဘက်ခြမ်းများမှ ဆောင်းရာသီရောက်သည့်အခါ မြန်မာနိုင်ငံအပါအဝင် အာရှတိုက် တောင်ပိုင်းနိုင်ငံများသို့ အုပ်စုလိုက်ပြောင်းရွှေ့ ဆောင်းခိုလေ့ရှိကြသည်။
“ စာဝါကျားငှက်တွေက မြန်မာနိုင်ငံကို နှစ်စဉ် အောက်တိုဘာလမှာ ရောက်လာလေ့ရှိပြီးတော့ မေလလောက်ဆိုရင် သူတို့သားပေါက်တဲ့ အရပ်ကို ပြန်သွားကြလေ့ရှိတယ်။ အေးခဲတဲ့ဒေသရဲ့ဆောင်းရာသီမှာ အစားအစာခက်ခဲမှုတွေကြောင့် ပူနွေးတဲ့ မြန်မာအပါအဝင် ကမ္ဘာ့တောင်ပိုင်းနိုင်ငံတွေဆီကို ရွှေ့ပြောင်းကျက်စားကြတာမျိုးပါ” ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်သူတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံတွင် စာဝါကျားငှက်များကို အများဆုံးတွေ့နိုင်သည့် နေရာများမှာ ကချင်ပြည်နယ် အင်းတော်ကြီးကန်နှင့် တနိုင်းမြစ်၊ရှမ်းပြည်နယ် ကလောနှင့် အင်းလေးကန်၊ ပုဂံ၊ ပုလဲ၊ ဧရာဝတီတိုင်း၊ ဝါးခယ်မ၊ ပဲခူး၊ ရန်ကုန် အစပ်နှင့် သန်လျင်မြို့ ဝန်းကျင်တို့တွင် တွေ့ရှိနိုင်သည်။
လက်ရှိတွင် ကုသိုလ်ဖြစ်ငှက်လွှတ်ခြင်းများတွင် အသုံးပြုရန်အတွက် စာဝါကျားငှက်များ ဖမ်းဆီးခံရခြင်း၊ လယ်ယာမြေချဲ့ထွင်မှုများကြောင့် ကျက်စားရာ စားကျက်မြေများ လျော့နည်းလာခြင်း၊ လယ်ယာစိုက်ခင်းများတွင် အသုံးပြုသော ပိုးသတ်ဆေးနှင့် ဓာတုဆေးဝါးများ စားသုံးမိခြင်းကြောင့် အသက်အန္တရာယ် ကြုံတွေ့ရခြင်း စသည်များကြောင့် ၎င်းငှက်မျိုးစိတ်များ ရှားပါးလာခြင်း ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်သူတစ်ဦးက ဆက်လက် ရှင်းပြသည်။
မြန်မာနိုင်ငံတွင် ငှက်မျိုးစိတ်ပေါင်း ၁၁၄၆ မျိုးရှိသည့်အနက် စာဝါကျားငှက်သည် မျိုးသုဉ်းမှုအန္တရာယ်ရှိနေသည့် ရှားပါးငှက်မျိုးစိတ် ၁၃ မျိုးတွင် ပါဝင်နေသည်။
အဆိုပါ စာဝါကျားငှက်ကို၂၀၁၃ ခုနှစ်မှစတင်ကာ မြန်မာနိုင်ငံတွင် မျိုးသုဉ်းရန်အန္တရာယ်ရှိသော မျိုးစိတ်အဖြစ် သတ်မှတ်ထားခဲ့ပြီး ငါးနှစ်ခန့်အကြာတွင် မျိုးသုဉ်းရန် အလွန်အမင်းစိုးရိမ်ရသောအဆင့်သို့တစ်ဆင့် ထပ်မံသတ်မှတ်ခဲ့သည်။
စာဝါကျား ငှက်မျိုးစိတ်ကို တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ၂၀၀၄ ခုနှစ်တွင် အကောင်ရေ နှစ်သိန်းခန့် တွေ့ရှိနိုင်သော်လည်း ၂၀၁၇ ခုနှစ်တွင် ၁၂၀ မှ ၆၀၀ ကြားသာ တွေ့နိုင်တော့သည့်အတွက် IUCN က မျိုးသုဉ်းရန် အလွန်အမင်းစိုးရိမ်ရသော့အဆင့်ဖြစ်သည့် အနီရောင်စာရင်းအဖြစ် ထုတ်ပြန်ထားသည်။
ယခင်က စာဝါကျားငှက်များကို ပေါများစွာတွေ့ရှိရသော်လည်း လှောင်ချိုင့်တွင်မွေးရန် ဖမ်းဆီးခံရခြင်း၊ ဘုရားတွင် ဘေးမဲ့လွှတ်ရန် ဖမ်းဆီးခံရခြင်း၊ စာကလေးကြော်ပြုလုပ်ရန် အခြားစာကလေးငှက်များနှင့် ရောနှော၍ ဖမ်းဆီးခံရခြင်းတို့ကြောင့် ငှက်ကောင်ရေသည် တဖြည်းဖြည်း လျော့နည်းလာကာ မျိုးသုဉ်းလုနီးပါး အန္တရာယ်ရှိသည့် ငှက်မျိုးစိတ်ဖြစ်လာခဲ့ခြင်း ဖြစ်သည်။
“ မျိုးတုန်းသတ္တဝါလေးတွေကို ဘာလို့ထိန်းသိမ်ဖို့လိုအပ်လဲဆိုရင် ဇီဝစက်ဝန်းလို့ခေါ်တဲ့ လူသားနဲ့သတ္တဝါတွေအပြင် အပင်တွေနဲ့ဆက်စပ်နေတဲ့လောကကြီး တည်မြဲဖို့လိုလို့ ထိန်းသိမ်းကြရတာပါ၊ သဘာဝအတိုင်း အတတ်နိုင်ဆုံးထားပေးဖို့ လိုပါတယ်။ ဒါမှသာ သဘာဝပတ်ဝန်းကျင်ကို အထောက်အကူပြုနိုင်ပြီး ဇီဝစက်ဝန်းကိုကာကွယ်နိုင်မှာပါ၊ ချစ်တယ်ဆိုရင် ဖမ်းလှောင်ထားတာထက် သူတို့ရဲ့လွတ်လပ်ခွင့်ကိုဖန်တီးပေးတာဟာ ချစ်မြတ်နိုးရာ၊ တန်ဖိုးထားထိန်းသိမ်းပေးရာ ရောက်ပါတယ်” သဘာဝပတ်ဝန်းကျင်ရာကိစ္စများဆောင်ရွက်နေသည့် သစ်ပင်ချစ်သူများအဖွဲ့ တောင်ကြီးမှ မထူးထူးက ပြောသည်။
ရှားပါးငှက်များကို ထိန်းသိမ်းရာ၌ အဆိုပါငှက်များ မှီခိုကျက်စားရာတွင် အမြဲနေထိုင်ကြသော ဒေသခံများ စုပေါင်းပါဝင် ဆောင်ရွက်ခြင်းသည်လည်း အရေးကြီးကြောင်းနှင့် စာဝါကျားငှက်များသည် ဖမ်းဆီးရောင်းချမှုမျိုးများနှင့် အများဆုံး ကြုံနေရသောကြောင့် ဖမ်းဆီးခြင်းမပြုကြရန်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်သူများက တိုက်တွန်းထားသည်။







