ရခိုင်တပ်မတော်_AA ကို အကူအညီများမပေးရန် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မြောက်ပိုင်းမှ ကျေးရွာတာဝန်ခံတချို့ကို စက်တင်ဘာလ ၁၉ ရက်နေ့က စစ်ကောင်စီလက်အောက်ခံ အကြမ်းဖက်စစ်တပ်မှ ခေါ်ယူခြိမ်းခြောက်ခဲ့သည် ဟု ကျေးရွာတာဝန်ခံများက ဆိုသည်။
” ပြည်သူလူထုတွေကို တအားခြိမ်း ခြောက်ပါတယ်။ သူတို့တွေက အေအေတွေကို အကူအညီမပေးဖို့ပြောတယ်။ တစ်ခုခုဖြစ်ရင် ရပ်ရွာတွေထိခိုက်သွားမယ်၊ ပြည်သူတွေ နစ်နာသွားမယ်ဆိုပြီးတော့ ခြိမ်းခြောက်ပါတယ် ” ဟု မွတ်ဆလင်ကျေးရွာတာဝန်ခံတစ်ဦးက MPA သို့ ပြောသည်။
အဆိုပါ ခြိမ်းခြောက်မှုကို ဘူးသီးတောင်၊ငကျည်တောက်အခြေစိုက် ခမရ ၅၃၅ တပ်ရင်းမှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးမောင်မောင်ကျော်က ဦးဆောင်ပြုလုပ်ခဲ့ခြင်း ဖြစ်သည် ဟု ကျေးရွာတာဝန်ခံများက ဆိုသည်။
အကြမ်းဖက်စစ်သားများသည် ပီရွက်ကျေးရွာ၊ စေတီတောင်ဘုရားတောင်ထိပ်၌ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လမှ စတင်တပ်စွဲနေထိုင်နေခြင်း ဖြစ်ပြီး အေအေ၏ စစ်ရေးလှုပ်ရှားမှုများ ၊ ရိက္ခာလမ်းကြောင်းများကိုစောင့်ကြည့်ဖြတ်တောက်ရန် ရည်ရွယ်ခြင်း ဖြစ်နိုင်သည် ဟု ဒေသခံရွာသားများက ပြောသည်။
” သူတို့က ရပ်ရွာထိခိုက်သွားမယ်၊ ရပ်ရွာနစ်နာသွားမယ်ပြောတဲ့ ဒီစကားက သိပ်ရင့်သီးပါတယ်။ တစ်ခုခုဖြစ်တယ်ဆိုရင် ရပ်ရွာကို ဒုက္ခပေးမယ်ဆိုတဲ့သဘော ရှိနေပါတယ်။ ရပ်ရွာအနီးအနားမှာ တိုက်ပွဲတစ်ခုခုဖြစ်သွားမယ်ဆိုရင် အဲလိုမျိုးဖြစ်မယ် လို့ သက်ရောက်ပါတယ် ” ဟု နောက်ထပ်ကျေးရွာတာဝန်ခံတစ်ဦးက ဆိုသည်။
အကြမ်းဖက်စစ်ကောင်စီ၏တပ်သားများသည် ယခုနှစ်သြဂုတ်လအတွင်းကလည်း ကျောက်ဖြူမြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများကို ကျောက်ဖြူမြို့ အခြေစိုက် ခလရ ၃၄ တပ်ရင်းသို့ ခေါ်ယူသတိပေးခဲ့ခြင်း ၊ ကျောက်တော်မြို့နယ်မှ မွတ်ဆလင်အုပ်ချုပ်မှူးများ ကို ခေါ်ယူခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့သည်။
ရခိုင်တွင် ရက္ခိုင့်တပ်တော်(အေအေ)နှင့်စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများ ရပ်တန့်သွားခြင်းသည် ဆယ်လကျော်ကြာမြင့်နေသော်လည်း အကြမ်းဖက်စစ်ကောင်စီတပ်ဖက်ကမူ စစ်ရေးလှုပ်ရှားမှုများကို မကြာခဏပြုလုပ်နေသည် ဟု ဒေသခံများက ဆိုသည်။
#ဘူးသီးတောင် #အေအေ #MPA #အကြမ်းဖက်စစ်ကောင်စီ