By PoeSangle / MPA
စစ်ကောင်စီတပ်သည် အပစ်အခတ်ရပ်စဲရေး ဟိုင်ဂင်သဘောတူညီချက်ကို ချိုးဖောက်ခြင်းကြောင့် ရှမ်းမြောက်ဒေသတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ကြောင်းလည်း MNDAA က ထုတ်ပြန်လိုက်သည်။
ဇွန်လ၂၉ရက်၊နံနက်ရှစ်နာရီခန့်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မြောက်ဘက်၊ နမ်ဖူးယိုင်ရှိMNDAA ကာကွယ်ရေး နယ်မြေကို စစ်ကောင်စီတပ်ရင်း ၅၇၉ က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ MNDAAတပ်သား နှစ်ဦးကျဆုံးပြီး သုံးဦးဒဏ်ရာရရှိကြောင်း MNDAA ၏ သတင်းထုတ်ပြန်ရေးစာမျက်နှာ The Kokang ၌ ထုတ်ပြန်ခဲ့ရာ၌ အထက်ပါအတိုင်း ဖော်ပြထား သည်။
“မနေ့တစ်နေကုန်ပဲ။ ည ကိုးနာရီ ၊၁၀ နာရီလောက်မှ ငြိမ်သွားတယ်။ ဒီနေ့(ဇွန်လ ၃၀) မနက်တော့ ဘာအသံမှမကြားသေးဘူး။ ငြိမ်နေတယ်။ မြို့တွင်းလည်း သွားသွားလာလာလုပ်နေတုန်းပဲ။ ပုံမှန်အတိုင်းပဲပေါ့” ဟု လားရှိုးမြို့ခံ အမျိုးသားတစ်ဦးကMPAသို့ ပြောသည်။
ဇွန်လာ၂၉ရက်တွင် စစ်ကောင်စီတပ်ကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းကြောင့် MNDAA က ကိုယ့်ကိုယ်ကိုယ်ကာကွယ်ရန် ပြန်လည်ပစ်ခတ်ခဲ့ရကြောင်း ဖော်ပြထားသည်။
ဇွန်လ၂၉ရက်၊နံနက်၁၀နာရီခွဲတွင် လာရောက်တိုက်ခိုက်သည့်စစ်တပ်ကို MNDAA ရဲဘော်များက ပိတ်ဆို့လိုက်ရာ နံနက်၁၁နာရီခန့်၌ ပြန်လည်ဆုတ်ခွာသွားကြောင်း တိုက်ခိုက်မှုမအောင်မြင်သော စစ်ကောင်စီတပ်သည် လားရှိုးမြို့၊ဟိုပိတ်နှင့်၁၃မိုင်မှ MNDAA ကာကွယ်ရေး နယ်မြေသို့ အမြောက်ဖြင့် ပစ်ခတ်ခဲ့သလို ညရှစ်နာရီခွဲကျော်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း MNDAA က ဆိုသည်။
စစ်ကောင်စီတပ်၏ ဇွန်၂၉ရက် တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး MNDAAထံ MPA က ဆက်သွယ်မေးမြန်းခဲ့ရာ ပြန်လည်ဖြေကြား ခြင်းမရှိသေးပေ။