ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ဆေးဝါးကုသရေးလုပ်ငန်းစဥ်များကို ရပ်ဆိုင်းထားရကြောင်း နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) က ဆိုသည်။
ပဋိပက္ခများ ပြင်းထန်လာခြင်းနှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီ ပေးရေးအပေါ် ပြင်းထန်သောကန့်သတ်ချက်များ ရှိနေခြင်းတို့ကြောင့် ရပ်ဆိုင်းလိုက်ရခြင်း ဖြစ်ကြောင်း ဆိုသည်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကတည်းက MSF အဖွဲ့များသည် ရခိုင်ပြည်နယ် အလယ်ပိုင်းနှင့် မြောက်ပိုင်း ဒေသများ၌ ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများ မဆောင်ရွက်ပေးနိုင်တော့ဘဲ ဆေးဝါးနှင့် အခြားထောက်ပံ့ရေးပစ္စည်းများ ရွှေ့ပြောင်းရာတွင်လည်း အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
ဧပြီ ၁၅ ရက်နေ့တွင် ဘူးသီးတောင်ရှိ MSF ရုံးနှင့် ဆေးဆိုင်များ မီးလောင်ပျက်စီးခဲ့ရပြီးနောက် ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များရှိ ရွေ့လျားဆေးပေးခန်း ၁၄ ခုကို ပိတ်ထားရကြောင်း ဆိုသည်။
ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ဝင်ရောက်နိုင်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု အဆောက်အအုံများနှင့် ဝန်ထမ်းများအား အကာအကွယ်ပေးရေးကို လေးစားလိုက်နာရန် အဖွဲ့အစည်းများအားလုံးကို MSF က တောင်းဆိုထားသည်။
MSF သည် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ရွေ့လျားဆေးခန်း ၁၄ ခု ဖွင့်လှစ်ထားပြီး ရခိုင်၊ ရိုဟင်ဂျာနှင့် အခြားလူနည်းစုများ အပါအဝင် လူမှုအသိုက်အဝန်းအားလုံးအတွက် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးနေသော အဖွဲ့အစည်းတစ်ခု ဖြစ်သည်။