ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြိုနယ်၊ မန်စံရေကျ၊ မန်ပွဲ – လားရှိုးကိုဆက်သွယ်ထားသည့် တံတား ၂စင်းအား စစ်ကောင်စီတပ်က ဇွန်လ ၂၇ရက်တွင် မိုင်းခွဲဖျက်ဆီးလိုက်ကြောင်း သိရသည်။
မန်စံရေကျကြိုးတံတားနှင့် ခိုလိတ်ရထားလမ်းတံတားတို့ကို စစ်တပ်က မိုင်းခွဲဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး ယင်းတံတားများမှာ ခိုလိတ်၊ မန်းပွဲ၊ မန်းပွဲလုံ၊ မန်းပွဲဘူတာ စသည့်ကျေးရွာများက ပြည်သူများ အသုံး ပြုသွားလာနေသည့် တံတားများ ဖြစ်ကြောင်း TNLA က ယနေ့ ထုတ်ပြန်သည်။
ဇွန်လ ၂၅မှ စတင်ကာ နောင်ချို၊ ကျောက်မဲ၊ မိုးမိတ်၊ သီပေါနှင့် မိုးကုတ် မြို့နယ်တို့တွင် ၁၀၂၇ စစ်ဆင်ရေး ပြန်လည်စတင်ပြီးနောက် တံတားများကို စစ်တပ်က ဖောက်ခွဲဖျက်ဆီးနေခြင်းဖြစ်သည်။
ဇွန်လ ၂၅ရက်ကလည်း လားရှိုးမြို့နယ်၊ မန်ပွဲရွာတံတား၊ ဆွတ်လန်းတံတားနှင့် မန်စံရေကျတံတားတို့ကို စစ်တပ်က မိုင်းခွဲဖျက်ဆီးခဲ့သေးကြောင်း TNLAက ဆိုသည်။
ထို့အပြင် ဇွန်လ ၁၃ ရက်ကလည်း စစ်ကောင်စီတပ်သည် လားရှိး – မိုင်းယော်လမ်းပေါ်ရှိ ကောင်းဟုန်းရွာ၊ နမ့်ဖရွာနှင့် မန်နားရွာများသို့ ဖြတ်သွားသည့်လမ်းမကြီးသုံးနေရာကို ကန့်လန့်မြောင်းဖောက်ကာ လမ်းဖျက်ဆီးခဲ့သည်။