By MPA
စစ်ကိုင်းတိုင်း ၊တန့်ဆည်မြို့နယ်၊ ကျီကုန်းကျေးရွာတွင် ရဲမိသားစုဝင်အချို့အသတ်ခံရပြီးနောက် စက်တင်ဘာလ၂၃ရက်နေ့တွင် အကြမ်းဖက်စစ်တပ်က ကျေးရွာကို ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးလျက်ရှိသည်။
အကြမ်းဖက်စစ်တပ်သည် စက်တင်ဘာလ၂၃ရက်နေ့၊ နံနက်၁၀နာရီခန့်တွင် ကျေးရွာအတွင်းသို့ စစ်ကား၂စီးဖြင့် ဝင်ရောက်လာပြီး ပစ်ခတ်မှုများနှင့် မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း တန့်ဆည် ဒေသခံတော်လှန်ရေးသမားတစ်ဦး ထံမှ သိရသည်။
“ မနေ့ညက ရှင်းလင်းရေးလုပ်ကြတော့ အဲ့ထဲက သူတို့စစ်ကူခေါ်နေတာ ။ အထက်ကအမိန့်မကျလို့နေမယ်။ ဒီနေ့မနက်မှရောက်လာကြတာ ”ဟု ၎င်းကဆိုသည်။
ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ ယောက္ခမဖြစ်သူ ဦးရဲမြင့်အပါအဝင် ဇနီးဖြစ်သူနှင့် သမီးဖြစ်သူတို့သည် စက်တင်ဘာလ၂၂ရက်နေ့ညတွင် ကျီကုန်းကျေးရွာ၌ သတ်ဖြတ်ခြင်းခံရပြီးနောက်တစ်နေ့တွင် ယခုကဲ့သို့ ကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေခြင်းဖြစ်သည်။
“လက်ရှိအချိန်မှာ ပြေးနေရတုန်းပါပဲ။ သူတို့တပ်စွဲထားကြပါတယ်။ ရွာထဲဝင်ဖို့မဖြစ်နိုင်သေးပါဘူး ” ဟု ဒေသခံတစ်ဦးက ပြောသည်။
အကြမ်းဖက်စစ်တပ်သည် တန့်ဆည်မြို့အပါအဝင် စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာများသို့ မကြာခဏစစ်ကြောင်းထိုးခြင်း၊ ကျေးရွာများတွင် ရှာဖွေစစ်မေးခြင်း၊ ရိက္ခာများယူဆောင်ခြင်း၊ ကျေးရွာများကို မီးရှို့ခြင်းများ ပြုလုပ်လေ့ရှိသဖြင့် ဒေသခံများမှာ ဘေးလွတ်ရာများသို့တိမ်းရှောင်နေကြရသည်။
#တန့်ဆည် #ကျီကုန်း #စစ်တပ်စီးနင်း #စစ်ကိုင်း #MPA