By Poe Sangle / MPA
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့တွင် စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြီးနောက် သေဆုံးနေသူ ၂၀ကျော်ကို တွေ့ရှိခဲ့ကြောင်း နမ့်ခုံးရှမ်းများလူမှုကူညီရေးအသင်းထံက သိရသည်။
ယနေ့ (ဇွန်လ ၂၈ ရက်) နံနက် ၁၀ နာရီခန့်တွင် လေယာဉ်ပေါ်မှ စစ်တပ်ကြဲချသည့်ဗုံးသည် ရပ်ကွက်အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး သီလရှင် တစ်ပါးအပါအဝင် လေးဦး သေဆုံးသွားသလို မြို့ပေါ်ရှိ အလောင်း ၁၀ လောင်းကျော်ကိုလည်း မီးသင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။
နမ့်ခုံး ရှမ်းများလူမူကူညီရေးအသင်းတာဝန်ရှိသူ အမျိုးသားတစ်ဦးက “ဒီအလောင်း မီးသင်္ဂြိုဟ်လိုက် တာတော့ ၁၁ လောက်ရှိတယ်။ ဒဏ်ရာတဲ့သူလည်းရှိတယ်။ ဘယ်သူဘယ်ဝါ အလောင်းတော့ ကျတော်တို့ မပြောနိုင်ဘူး။ ဒဏ်ရာရတဲ့သူကို ဆေးရုံပို့၊ သေဆုံးသွားတဲ့အလောင်းကို မီးသင်္ဂြိုဟ် ဒါပဲပေါ့” ဟု MPA သို့ ပြောသည်။
လေကြောင်းတိုက်ခိုက်မှုပြုလုပ်သည့်အချိန်တွင် သေဆုံးနှင့်ဒဏ်ရာရ လိုက်လံရှာဖွေခြင်းကို ခေတ္တရပ်နားကာ တိုက်ခိုက်မှုမရှိသည့်အချိန်တွင် ဆက်လက်လုပ်ဆောင်ကြောင်း သိရသည်။
ကျောက်မဲမြို့တွင်း၌ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေကာ ယနေ့ည ခုနှစ်နာရီတွင်လည်း ဗုံးကြဲတိုက်ခိုက်ကြောင်း ၎င်းကဆိုသည်။
ကျောက်မဲမြို့ပေါ်ရှိ ပရဟိတအသင်းများသည် တိုက်ပွဲလေးရက်တာအတွင်း အလောင်း ၃၀ ကျော်ကို မီးသင်္ဂြိုဟ်ပေးခဲ့ကြောင်း သိရသည်။
ဇွန်လ၂၈ရက်၊နံနက် ရှစ်နာရီခန့်တွင် ကျောက်မဲမြို့ ခမရ ၅၀၁နှင့် ခမရ၅၀၂ တပ်စခန်းတို့ကို တအာင်းတပ်မတော် TNLAနှင့် MDY-PDF ပူးပေါင်းတပ်ဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ကျောက်မဲမြိုနယ်၊ နောင်ပြစ်ရွာလမ်းခွဲရှိ စစ်ကောင်စီတပ်စခန်းကို ဇွန်လ ၂၇ရက်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း TNLAက ယနေ့ည၌ ထုတ်ပြန်ထားသည်။