By Nway / MPA
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် သံဃာတော်များက စစ်ကြောင်းထိုးလာသည့်ကြားက ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်မှု ပြုလုပ်ကြောင်း သိရသည်။
ယနေ့ (ဇွန်လ ၂၈ရက်) မွန်းလွဲ တစ်နာရီခန့်က ပခုက္ကူမြို့နယ် တစ်နေရာရှိ ကျောင်းတိုက် ၊ သိမ်တော်ထဲတွင် ပြုလုပ်ခဲ့ပြီး သံဃာတော် ၁၀ပါး ပါဝင်ခဲ့ကြောင်း ကံဆောင်သပိတ်၌ ပါဝင်သူ ဆရာတော်တစ်ပါးက မိန့်သည်။
“ စစ်ကြောင်းဝင်လာတယ်ကြားလို့ အကျဉ်းချုံးပြီး လုပ်ခဲ့တယ်။ အရင်ကတည်းက စစ်ကောင်စီလုပ် ရပ်တွေကြောင့် လုပ်ဖို့ တွေးနေကြတာ ကြာပါပြီ။ အခုက ဝင်းနိမ္မိတာရုံဆရာတော်ဘုရားကြီးရဲ့ ဖြစ်စဉ်က ဘုန်းဘုန်းတို့ကို တွန်းအားတစ်ခုလို ဖြစ်သွားတာပေါ့” ဟု၎င်းဆရာတော်က MPAသို့ မိန့်သည်။
ဇွန်လ ၁၉ရက်နေ့က ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက်၊ ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ကို စစ်သားများက ပစ်ခတ်သတ်ဖြတ်ခဲ့ပြီးနောက် ဇွန်လ ၂၂ ရက်ကလည်း မြင်းခြံမြို့၊ ဆခမကျေးရွာ ဆရာတော် ဦးဥတ္တမကိုလည်း သတ်ဖြတ်ခဲ့ခြင်းတို့ကြောင့် နိုင်ငံအနှံ့ရှိ သံဃာတော်များက ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် ပြုလုပ်လာကြခြင်း ဖြစ်သည်။
“ စစ်ကိုင်းတိုင်းကနေ စလုပ်ကြတယ်။ အခု ပခုက္ကူမှာဆိုရင် နှစ်နေရာထိ လုပ်ပြီးပြီ။ မြိုင်ဘက်မှာရော။ ပါဝင်ကြမယ့် သံဃာတွေ ဒီထပ်များလာဖို့ပဲရှိပါတယ်။ ဘုန်းဘုန်းတို့အနေနဲ့ကတော့ တစ်နိုင်ငံလုံးက သံဃာတွေ ဒီကံဆောင်သပိတ်မှာ ပါဝင်ကြဖို့ တိုက်တွန်းပါတယ်” ဟု ဆရာတော်က ဆက်လက်မိန့်ကြားသည်။
ဇွန်လ ၂၇ရက်ကလည်း မကွေးတိုင်း၊ မြိုင်မြို့နယ်တွင်သံဃာတော်အပါး ၁၀၀ကျော်တို့သည် မေတ္တာသုတ်ရွတ်ဖတ်ကာ ဒါယိကာ၊ဒါယိကာမများဝန်းရံ၍ ချီတက်ဆန္ဒပြခဲ့ကြပြီး မြိုင်ပကဖက လုံခြုံရေးယူပေးခဲ့သည်။
ဇွန်လ ၂၃ရက်နေ့မှစ၍ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ်ကို စတင်ပြုလုပ်ခဲ့ပြီးနောက် ဒီပဲယင်း ၊ဆားလင်းကြီး၊ တန့်ဆည်၊ စစ်ကိုင်းနှင့် မုံရွာ၊ မြိုင်နှင့်ပခုက္ကူမြို့နယ်များတွင်လည်း ဆက်တိုက်ဆိုသလို ကံဆောင်သပိတ်များ ပြုလုပ်လာကြ ကြောင်း သိရသည်။




