By Ra Wai / MPA
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဆင်ချောင်းပျူစောထီးကျေးရွာကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပျူခေါင်းဆောင်အပါအဝင် စစ်အုပ်စုဝင်လေးဦးထက်မနည်း ပြင်းထန်ဒဏ်ရာရခဲ့ကြောင်းသိရသည်။
ဇွန်လ ၂၇ရက်၊နေ့ခင်း ၁၂နာရီမှစတင်ကာ ဆင်ချောင်းပျူရွာကို ဒရုန်းဖြင့် ဗုံးသီး ရှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နေအိမ်များလည်း ပျက်စီးခဲ့ကြောင်း Thu Rain – TR အဖွဲ့ထံက သိရသည်။
“ ပျူစောထီး နေအိမ်တွေပေါ်ချတာ။ ခေါင်မိုးပျက်စီးတာတွေ ဘာတွေတော့ရှိတယ်။ ထိခိုက်မှုကို သတင်းပေးဆီကနေ အတည်ပြုနိုင်တယ်” ဟု Thu Rain – TRအဖွဲ့မှ ရဲဘော်သူရိန်ကပြောသည်။
ဒဏ်ရာရရှိသူများကို မိတ္တီလာစစ်ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှုပေးလျက်ရှိကြောင်း သိရပြီး နောက်ဆက်တွဲအခြေအနေများကိုမူ မသိရှိရသေးပေ။
ယင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း PDF ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
ယင်းတိုက်ခိုက်မှုကို Thu Rain – TR ၊မြိုင်ပကဖ၊ Black cobra (ကမ္မတပ်ပေါင်းစု)၊Young Force UG၊ အညာမြေ ပြောက်ကျားတပ်ဖွဲ့ (မြိုင်)၊ Shwe Nyar Myae People Defense Force၊ Southern YSO PDFနှင့် PKU N PDFအဖွဲ့တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်မှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။