By Blackpanda / MPA
ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်ရှိ ဆန်စပါးဒိုင်ချုပ်ဖြစ်သော ဝါးတန်းဆန်ဒိုင်တွင် ဆန်ရောင်းချမှုသည် ရပ်ကွက်များအတွင်း ရောင်းချနေသည့် စျေးထက် ကျပ်ငါးသောင်းခန့် စျေးသက်သာနေသဖြင့် တိုးကြိတ်ဝယ်ယူသူများပြားနေကြောင်း စုံစမ်းသိရှိရသည်။
“ ပြောမယ်ဆို ရပ်ကွက်ထဲက ဝယ်တာထက် ငါးသောင်းသက်သာတယ်။ ရပ်ကွက်ထဲမှာ တစ်အိတ်အနည်းဆုံး တစ်သိန်းခွဲဆို အဲ့ဒီမှာက တစ်သိန်းစွန်းစွန်းလောက်နဲ့ ရောင်းတယ်” ဟု သာကေတမြို့နယ်တွင်နေထိုင်သူ အမျိုးသားတစ်ဦးကပြောသည်။
ယခုလို ဝါးတန်းဆန်ဒိုင်၌ ဆန်ရောင်းချပေးမှုအား ၂၀၂၄ခုနှစ်၊ ဇွန် ၂၆ရက်မှ စတင်ကာ ရောင်းချပေးနေခြင်းဖြစ်ပြီး ဆန်တစ်အိတ်မှ စတင်ကာ စိတ်ကြိုက်ဝယ်ယူခွင့်ရရှိသဖြင့် လူအများ တိုးကြိတ်ဝယ်ယူနေခြင်းလည်းဖြစ်သည်။
၂၀၂၃ခုနှစ်တွင် ပေါ်ဆန်းမွှေး ဆန်လတ်တစ်အိတ်စျေးသည် ကျပ် ၈,၅၀,၀၀ သာပေါက်စျေးရှိခဲ့သော်လည်း ၂၀၂၄ခုနှစ်တွင် တစ်အိတ်လျှင် ကျပ် ၁၄,၀၀,၀၀ ထိပေါက်စျေးရှိနေခြင်းလည်းဖြစ်သည်။
“ မနေ့က စရောင်းတယ်လို့ ကြားလို့ ဒီနေ့ သွားဝယ်လိုက်တယ်။ လူတွေကတော့ ကြိတ်ကြိတ်တိုးဝယ်နေကြတာ၊ ပြန်ရောင်းဖို့ လာဝယ်တဲ့သူများတယ်လို့ထင်တယ်။ လိုသလောက်ဝယ်လို့ရလို့လေ၊ ပြီးတော့စျေးလည်း သက်သာတာကို” ဟု ဝါးတန်းဆန်ဒိုင်၌ ဆန်သွားဝယ်ခဲ့သည့် အမျိုးသမီးတစ်ဦးက ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ဆန်စျေးနှုန်းမြင့်တက်မှုသည် သုံးဆနီးပါးခန့်ရှိလာသဖြင့် ယခင်က ဆန်အိတ်လိုက်ဝယ် စားခဲ့ရာမှ ယခုအခါတွင် တစ်ပြည်ချင်းသာ ဝယ်ယူစားနိုင်သည်ဟု လှိုင်သာယာမြို့တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက ရှင်းပြသည်။
“ အရင်က ကျမတို့စားတဲ့ဆန်က တစ်အိတ် ရှစ်သောင်းကိုးသောင်းလောက်ပဲရှိတာ၊ အခုကတော့ တစ်သိန်းကျော် နှစ်သိန်းနီးပါးရှိနေပြီ လစာ နှစ်သိန်းကျော်နဲ့ကြတော့ ဘယ်လိုမှ ဝယ်စားလို့မဖြစ်နိုင်တော့ဘူး။ မိသားစုကလည်းနည်းတော့ တစ်ခါဝယ် ဆယ်ပြည်ပဲဝယ်တယ်” ဟု ၎င်းက ပြောသည်။
အင်းစိန်မှ ဆန်ဆိုင်တစ်ခုမှ အမျိုးသမီးတစ်ဦးက ပေါ်ဆန်းမွှေးဆန်တစ်အိတ် (အလယ်အလတ်)အား ဆိုင်တွင်လာဝယ်ပါက တစ်အိတ်၁၃၅၀၀၀ဖြင့်ရောင်းချပြီး အိမ်တိုင်ရာရောက်ပို့ဆောင်ပါက ၁၄,၀၀,၀၀ဖြင့်ရောင်းချကြောင်းပြောသည်။
“ ဆိုင်မှာဝယ်တာနဲ့ ၊ အိမ်တိုင်ရာရောက်ကတော့ စျေးတစ်မျိုးဆီရှိပါတယ်” ဟု ၎င်းကပြောသည်။
ဆန်စျေးကွက်သည် လက်ရှိတွင် ဆန်အကြမ်းတစ်ပြည်လျှက် ကျပ် ၅၀,၀၀မှ ၆၀,၀၀အကြားရှိပြီး ဆန်အချောတစ်ပြည်သည် ၅၈၀၀မှ ၈၀၀၀အထိရှိကြောင်း သိရသည်။
လက်ရှိတွင် ရန်ကုန်မြို့ရှိ Citymart ၊ Ocean တို့အပါအဝင် မည်သည့် စူပါမားကဒ်တွင်မှ ဆန်များမရောင်းကြတော့ကြောင်း ရန်ကုန်ဒေသခံများထံမှ သိရသည်။
မြန်မာနိုင်ငံတွင် စစ်တပ်မှ အာဏသိမ်းယူပြီးနောက် ဆန်စပါးစျေးတက်လာခဲ့ပြီး ၂၀၂၃ခုနှစ် နှစ်ကုန်ပိုင်းလောက်တွင် မြန်မာနိုင်ငံ၏ စပါးကျီဟု ခေါ်တွင်သည့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနှင့် အထက်ပိုင်းက လယ်ယာစိုက်ပျိုးရေးလုပ်ကိုင်နေသော တောင်သူလယ်သမားများသည် မိမိတို့ကိုယ်တိုင်စိုက်ပျိုးသော ဆန်စပါးများကို မစားနိုင်ကြဘဲ ဆန်ကွဲသာဝယ်စားနေရသည်ဟု လွတ်လပ်သောမီဒီယာများတွင် ဖော်ပြချက်အရသိရသည်။
ထို့ပြင် ယခုနှစ်မေလအတွင်းကလည်း ဆန်စျေးများတက်လာမှုကြောင့် အခြေခံလူတန်းစားများမှာ ဆန်ကိုမဝယ်နိုင်ဘဲ၊ ဆန်ကွဲကိုသာ ဝယ်ယူစားသောက်နေရကြောင်း လူမှုကွန်ယက်စာမျက်နှာတွင် ဆန်ရောင်းသူအမျိုးသမီးတစ်ဦးက ပို့စ်တစ်ခုတင်ခဲ့ဖူးသည်။
ယခုနှစ် မေလအတွင်းတွင်လည်း ဆန်စျေးနှုန်းကြီးမြင့်လာခြင်းကြောင့် ရန်ကုန်မြို့ ဆင်ခြေဖုံးရပ်ကွက်ရှိ အခြေခံလူတန်းစားများမှာ တစ်ပြည် ၁၅၀၀၊ ၂၀၀၀ကြားရှိ ပျက်စီးကာ အဝါရောင်ပေါက်နေသော ဆန်များကို ဝယ်စားကြကြောင်း သတင်းမီဒီယာတစ်ခု၏ ဖော်ပြချက်အရ သိရသည်။