By Nway / MPA
မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အရှေ့ခြမ်းရှိ ကာကွယ်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသော ၁၀၁၄ လေကြောင်းရန်ကာကွယ်ရေးတပ် (အင်ကြင်းမြိုင်တပ်စခန်း)ပြန်လည်ရရှိရေးအတွက် စစ်ကောင်စီတပ်က ပြန်လည်ထိုးစစ်ဆင်နေသောကြောင့် တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။
ဇွန်လ ၂၅ ရက်တွင် အင်ကြင်းမြိုင်တပ်စခန်းကို ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက် ထိန်းချုပ် လိုက်ပြီးနောက် စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု အကြိမ်ရေများစွာ ပြုလုပ်ခဲ့သလို ပြန် လည်ထိုးစစ်ဆင်နေသဖြင့် ယနေ့(ဇွန်၂၇ရက်)အထိ တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံကာကွယ် ရေးတပ်ဖွဲ့များနှင့် နီးစပ်သူတစ်ဦးထံက သိရသည်။
“ စတိုက်တုန်းကတော့ PDF က ထိုးစစ်ဆင်တာပဲ။ ခုတော့ PDF က စခန်းကိုရသွားလို့ စကစ ဘက်က စခန်းပြန်လည်ရရှိရေး ထိုးစစ်ဆင်နေတယ်။ လေကြောင်းကလည်း တောက်လျှောက် ပစ်တယ်။ ခုလေးတင် ပစ်ပြီး ပြန်သွားတာ” ဟု ယနေ့ မွန်းလွဲ နှစ်နာရီခန့်တွင် ၎င်းကပြောသည်။
တိုက်ပွဲဆက်လက်ပြင်းထန်နေသောကြောင့် မတ္တရာအရှေ့ခြမ်းရှိ ကျေးရွာ ၆ရွာမှ ဒေသခံပြည်သူ ၅၀၀၀ ထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ၎င်းကပြောသည်။
“ ပိတ်မိတဲ့ပြည်သူတွေလည်း ရှိတယ်။ ပိတ်မိတယ်ဆိုတာက စကစ ဘက်နဲ့ အရမ်းနီးတဲ့ရွာတွေကျ ထွက်ခွင့်မပေးကြဘူးလေ။ လေကြောင်းလာပေမဲ့ ပြည်သူတွေ ထိခိုက်မှုရှိတယ်လို့တော့ မကြားမိသေးဘူး” ဟု ၎င်းကဆက်လက်ပြောသည်။
ထွက်ပြေးတိမ်းရှောင်နေရသည့် ကျေးရွာများမှာ ဆည်တော်၊ အင်ကြင်းမြိုင်ကွက်သစ် ၊ စလေ ၊ ဂွေးပင် ၊ ဈေးဟောင်း နှင့် ချောင်းသဖော့ ရွာတို့ဖြစ်ပြီး အရေးပေါ်စစ်ဘေးရှောင်ပြည်သူများ စားနပ်ရိက္ခာ လိုအပ်နေကြောင်းလည်း သိရသည်။