By Poe Sangle / MPA
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲအခြေစိုက် စစ်သား ၁၇ ဦးတို့ လက်နက်ချအညံ့ခံခဲ့ ပြီး လက်နက်ခဲယမ်းများစွာလည်း သိမ်းဆည်းရမိခဲ့ကြောင်း TNLA ကသတင်းထုတ်ပြန်သည်။
ကျောက်မဲအခြေစိုက် စကခ တစ် (စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်) လက်အောက်ခံ စစ်သား၁၇ဦးတို့ သည် ဇွန်လ၂၆ရက်၊ညနေလေးနာရီခန့်တွင် လက်နက်ချအညံ့ခံခဲ့ကြောင်း သိရသည်။
“လက်နက်ခဲယမ်းအများကြီးပါလာတယ်။ တိုက်ပွဲအတွင်းမှာလည်း အရှင်ဖမ်းဆီးမိတဲ့ သူလည်းရှိတယ်။ အရေအတွက်ကို အသေးစိတ်မသိရသေးပါဘူး။ လက်ရှိ မြေပြင်မှာလည်း တိုက်ပွဲဆက်လက် ပြင်းထန်နေဆဲဖြစ်တယ်” ဟု TNLA/ PSLF သတင်းနှင့် ပြန်ကြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက MPAသို့ ပြောသည်။
လက်ရှိ ကျောက်မဲမြို့နယ်အတွင်း ကျန်ရှိနေသည့် စစ်ကောင်စီ၏ အခိုင်အမာတပ် ခလရ ၅၀၂ ကို ဆက်လက်တိုက်ခိုက်နေဆဲဖြစ်ကြောင်း ၎င်းကဆိုသည်။
နှစ်ရက်တာတိုက်ပွဲအတွင်း ကျောက်မဲမြိုနယ်ရှိ နားအိုက်ခန်းစခန်း၊ စခန်းသာ၊ ငြိမ်းချမ်းရေးကုန်း၊ အမှတ်(၃၅၂)အမြောက်တပ်ကုန်း၊ အင်ကြင်းကိုင်း၊ ဂေါက်ကွင်းအထက်၊ ထွေအုပ်ရုံးနှင့် ရဲစခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး နောင်ချိုမြိုနယ်ရှိ ရမခ ၁၁၅၊ ရဲစခန်း၊ ကံ့ကော်စခန်း၊ ခဲမွန်စခန်း၊ ကျောက်ကြမ်းစခန်း၊ ဆေးရုံ၊ တိုးဂိတ်၊ စက်ရုံ၊ ဘူတာရုံ၊ ရွှေညောင်ပင်နှင့် အုမ္မတီးစစ်တပ်စခန်းတို့ကို သိမ်းပိုက်ရရှိခဲ့ကြောင်း TNLAက ထုတ်ပြန်ထားသည်။
ထို့အပြင်မိုးကုတ်မြိုနယ် ဒေါ်နန်းကြည်တောင်စခန်း၊ ဗျူဟာစခန်းကုန်း၊ ရွှေသာယာ၊ ပန်းသပြေနှင့် ဖြူရောင်ကုန်းတို့ကိုလည်း သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်၏ လက်နက်မျိုးစုံ ၅၁လက်၊ RPG – 7 တစ်လက်၊ ၆၀ (မမ) တစ်လက်၊ စက်လတ် တစ်လက်၊ ကား နှစ်စီး၊ ဒရုန်းကာကွယ်သည့် ဂျမ်ဘာ၊ဆက်သွယ်ရေးပစ္စည်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကာ စစ်သားအလောင်း၂၀လည်း တွေ့ရှိခဲ့ကြောင်း TNLAက ဆိုသည်။