By Blackpanda / MPA
ဧရာ၀တီတိုင်း ၊ ငသိုင်းချောင်းမြို့တွင် စစ်မှုထမ်း အပတ်စဥ် နှစ် တက်ရောက်သူတစ်ဦးကို စစ်ကောင်စီအရာရှိနှင့် သင်တန်းမှူးတို့က ရိုက်နှက်ခဲ့သည့်အတွက် သေဆုံးသွားကြောင်း မိသားစုဝင်များထံမှ စုံစမ်းသိရှိရသည်။
စစ်ကောင်စီက နှိပ်စက်မှုကြောင့် သေဆုံးခဲ့သူသည် အသက် ၂၃နှစ်အရွယ်သာရှိသေးကာ၊ ၂၀၂၄ခုနှစ် ၊ ဇွန် ၁၀ရက်မှ စစ်သင်တန်းတက်ရောက်ရန် ကျုံပျော်မြို့အခြေစိုက် ခလရ ၃၆ သို့ ရောက်ရှိခဲ့သူလည်းဖြစ်သည်။
“ ကျမတူ သင်တန်းထဲမှာ သေဆုံးသွားတယ်ဆိုပြီး ဖုန်းနဲ့ပဲ အကြောင်းကြားလို့ သိရတယ်။ သင်တန်းမှူးနဲ့ စကားများပြီး ရန်ဖြစ်လို့ အချုပ်ထဲထည့်ခံရတာ၊ ရိုက်စစ်ရင်းနဲ့ သတိပြန်မလည်လာတော့လို့ စစ်ဆေးမှုတွေလုပ်မှ အသက်ပါသွားတယ်တဲ့၊ အလောင်းကိုတော့ တပ်ထဲမှာ သင်္ဂြိုဟ်လိုက်တာကိုပဲသိရတယ်” ဟု သေဆုံးခဲ့သူနှင့် ဆွေမျိုးနီးစပ်သူတစ်ဦးက MPA သို့ပြောသည်။
ထိုကဲ့သို့ နှိပ်စက်ခံရမှုကြောင့် ဇွန် ၁၉ရက်တွင် သေဆုံးခဲ့ခြင်းဖြစ်ပြီး၊ သေဆုံးမှုနှင့်ပတ်သက်ပြီး ဇွန် ၂၀ရက်တွင် မိသားစုထံသို့အကြောင်းကြားခဲ့ကာ၊ နာရေးစရိတ်အဖြစ် ငွေကျပ် သုံးသိန်း ပေးအပ်ခဲ့ကြောင်း သေဆုံးသူနှင့် ဦးလေတော်သူက ပြောပြသည်။
“ ကျုံပျော်အခြေစိုက် ခလရ ၃၆က စစ်သင်တန်း အပတ်စဉ် နှစ်တက်ဖို့ ခေါ်ခံရတာ၊ သင်တန်းတက်ပြီး သိပ်မကြာဘူး သေတယ်ဆိုပြီး ကြားရတာပဲ၊ အလောင်းလဲပြန်မရဘူး “ ဟု ၎င်းက ပြောသည်။
ထိုကဲ့သို့ စစ်သင်တန်းတက်ရောက်နေစဉ်အတွင်း သေဆုံးခဲ့သည့် လူငယ်များ ရှိနေခြင်းကြောင့် မိဘများက စိုးရိမ်ပူပန်ကာ တပ်ရင်းဌာချုပ်များသို့ ဖုန်းဆက်မေးမြန်းသော်လည်း သင်တန်းမှူးက ဆဲဆိုခြင်းကိုသာ ခံရကြောင်း ဧရာ၀တီတိုင်း၊ ကြံခင်းမြို့နယ်တွင် နေထိုင်သည့် စစ်သင်တန်းတက်ရောက်နေရသူ တစ်ဦး၏ မိခင်က ပြောသည်။
“ သေတယ်ဆိုတဲ့ သတင်းကြားရတော့ ကျမသား အခြေအနေကို ဖုန်းဆက်မေးတာ သင်တန်းမှူးက ဆဲလွှတ်တယ်။ နောက်ထပ် ဖုန်းမဆက်နဲ့ဆိုပြီး ဖုန်းချသွားတယ်” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီက ပြဌာန်းခဲ့သည့် စစ်မှုထမ်းဥပဒေသည် နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ မရှိဘဲ ဥပဒေသီးသန့်သာ ပြဌာန်းထားခြင်းကြောင့် ဥပဒေပညာရှင်များက ထောက်ပြမှုများလည်းရှိနေသည်။
အဆိုပါ စစ်မှုထမ်းဥပဒေသည် ၁၉၅၉ ခုနှစ် ပြည်သူ့စစ်မှုထမ်းဥပဒေကို နအဖ လက်ထက်တွင် ပြင်ဆင်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီလက်ထက်တွင် အာဏာတည်ကြောင်း ပထမဆုံး ကြေညာခဲ့ခြင်းလည်းဖြစ်သည်။
ထို့ပြင် စစ်မှုထမ်း ဥပဒေသည် လက်ရှိ နိုင်ငံအတွက် မဖြစ်မနေ လိုအပ်သည့် ဥပဒေမဟုတ်သောကြောင့် အလျင်စလိုပြဌာန်းခဲ့ခြင်းသည် မဖြစ်သင့်ကြောင်း သာကေတမြို့နယ်မှ တရားလွှတ်တော် ရှေ့နေတစ်ဦးက သုံးသပ်သည်။
‘‘ဒီဥပဒေက မဖြစ်မနေ လိုအပ်တဲ့ ဥပဒေလို့တော့မမြင်ဘူး။ ဘာလို့အသက်သွင်းလိုက်လည်းဆိုတာ မပြောတတ်တော့ဘူး၊ ဒီလောက်ပဲဖြေချင်တယ်” ဟု အဆိုပါ ရှေ့နေက ပြောသည်။
ပြီးခဲ့သည့် မတ်လကလည်း ဧရာ၀တီတိုင်းအတွင်း စစ်မှုထမ်း အပတ်စဉ် တစ်အတွက် ခေါ်ယူခြင်းခံရသည့် ကန်ကြီးထောင့်မြို့နယ်မှ အသက် ၂၀ အရွယ် လူငယ်တစ်ဦးသည် အဆုံးစီရင်ခဲ့ဖူးသည်။
ယင်းအပြင် ကြံခင်းမြို့မှ အသက် ၅၅နှစ်အရွယ် အမျိုးသားတစ်ဦးသည် စစ်မှုထမ်းဥပဒေနှင့် ပတ်သက်ပြီး ထောက်ပြမှုများပြုလုပ်သည် ဆိုသည့် အကြောင်းပြချက်ဖြင့် မတ် ၂၀ရက်တွင် ဖမ်းဆီးခံခဲ့ရကာပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ နှိပ်စက်မှုကြောင့် နာရီပိုင်းအတွင်း သေဆုံးခဲ့ရသည်။
ထို့ပြင် ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ မီးလောင်စခန်းကျေးရွာမှ အသက် ၂၇ နှစ်အရွယ် ကိုကိုလတ်(ခ) အမာနွတ်လာသည်လည်း မင်္ဂလာဒုံမြို့နယ်ရှိ တပ်ရင်းတစ်ခုတွင် စစ်သင်တန်းတက်ရောက်ရန် မတ် ၂၈ရက်က ခေါ်ဆောင်ခံရပြီး လေးရက်အကြာ၌ သေဆုံးခဲ့ကြောင်း လွတ်လပ်သည့် မီဒီယာများက သတင်းဖော်ပြခဲ့သည်။
ယင်းစစ်မှုထမ်းဥပဒေဖြင့် စစ်ကောင်စီက ရခိုင်ပြည်နယ်အတွင်းမှ ရိုဟင်ဂျာများကို နိုင်ငံသားဖြစ်ခွင့်ပေးမည်ဆိုသည့် မက်လုံးဖြင့် စစ်သင်တန်း တစ်လခန့်သာ တက်ရောက်စေပြီးနောက် ရက္ခိုင့်တပ်တော်(AA) နှင့် ဖြစ်ပွားနေသည့် တိုက်ပွဲများ၌ ပါဝင်ခိုင်းခဲ့မှုကြောင့် ရိုဟင်ဂျာ ၉၇ ဦးထိ သေဆုံးခဲ့ကြောင်း သတင်းများအရ သိရသည်။
စစ်ကောင်စီသည် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ရက်တွင် အသက်သွင်းခဲ့ပြီးနောက် ဧပြီလမှ စတင်ကာ အပတ်စဉ်တစ်ခုလျှင် လူ ၅၀၀၀နှုန်းဖြင့် တစ်နှစ်လျှင် လူ ၆၀၀၀၀ နှုန်းခေါ်ယူသွားမည်ဟု ကြေညာထားခြင်းဖြစ်သည်။
ပြည်သူ့စစ်မှုထမ်းဥပဒေအတွင် အမျိုးသားဖြစ်လျှင် အသက် ၁၈နှစ်မှ ၃၅နှစ်အတွင်း၊ အမျိုးသမီးဖြစ်လျှင် အသက် ၁၈နှစ်မှ ၂၇ခုနှစ်အတွင်း စစ်မှုထမ်းဆောင်ရမည်ဟုသတ်မှတ်ထားကာ၊ ကျွမ်းကျင်သူ အမျိုးသားဖြစ်လျှင် အသက် ၁၈နှစ်မှ ၄၅နှစ်အတွင်း၊ ကျွမ်းကျင်သူ အမျိုးသမီးဖြစ်လျှင် အသက် ၁၈နှစ်မှ ၃၅နှစ်အတွင်း ဟုသတ်မှတ်ထားခြင်း ဖြစ်သည်။
ကျွမ်းကျင်သူဟု သတ်မှတ်ချက်သည် ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှု၊ လက်မှု ပညာတတ်မြောက်သူ သို့မဟုတ် အခြား အတတ်ပညာ တစ်ရပ်ရပ်ဖြင့် အသက်မွေးဝမ်းကျောင်းသူများကို ဆိုလိုသည်ဟု ပြည်သူ့စစ်မှုထမ်းဥပဒေတွင် ပြဌာန်းထားခြင်းကြောင့် လူငယ်ပိုင်းမှ လူကြီးပိုင်းအထိ စစ်မှုထမ်းဆောင်ရမည့် အခြေအနေများဖြင့် ကြုံတွေ့နေရခြင်းဖြစ်သည်။
ထိုကဲ့သို့ စစ်ကောင်စီ လက်အောက်တွင် စစ်မှုမထမ်းလိုသည့် ပြည်သူများသည် တော်လှန်ရေးတပ်ဖွဲ့များသို့ ဝင်ရောက်ခြင်းနှင့် အချို့သည် အိမ်နီးချင်းနိုင်ငံများသို့ တရားဝင်နည်းလမ်း သို့မဟုတ် တရားမဝင်လမ်းကြောင်းများမှ တစ်ဆင့် တိမ်းရှောင်မှုများ ရှိနေသည်။
လက်ရှိတွင် စစ်မှုထမ်းရန်အတွက် ရပ်ကွက်ရုံးများ၌ မဲနှိုက်ကာ မဲပေါက်သူများအနက် ငွေကြေးတတ်နိုင်သူအချို့သည် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စစ်တပ်ကို ပိုက်ဆံပေးကာ စစ်မှုထမ်းခြင်းမှ ရှောင်လွှဲမှုများလည်းရှိနေသည်။