By Ra Wai / MPA
စစ်ကိုင်းမြို့နယ်၊ အမှတ်သုံး ရဲလေ့ကျင့်ရေးကျောင်းကို ဒရုန်းဖြင့် ဗုံးသီး ၂၉လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်းသိရသည်။
ဇွန်လ ၂၅ရက်၊ မွန်းလွဲ တစ်နာရီခွဲခန့်က စစ်ကိုင်းမြို့နယ်၊ ကံတလူဘုရားအနီးရှိ အမှတ်သုံး ရဲလေ့ကျင့်ရေးတပ်ကို ဒရုန်း ၁၀စင်းဖြင့် ဗုံးသီး ၂၉လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အဆောက်အအုံတချို့ ပျက်စီးမှုရှိကြောင်း People’s Knight Defense Force Myinmu အဖွဲ့ထံက သိရသည်။
“ သူတို့နေထိုင်တဲ့ အဆောက်အုံဘေးတွေ၊ အဆောက်အအုံပေါ်တွေ ကျတာဗျ။ ခေါင်မိုးတွေထိခိုက်ပျက်စီးတယ်ဗျ” ဟု People’s Knight Defense Force Myinmu အဖွဲ့တာဝန်ခံ ရဲဘော်အေးချမ်းက MPA သို့ပြောသည်။
ယင်းတိုက်ခိုက်မှုပြီးနောက် ရဲလေ့ကျင့်ရေးကျောင်းထဲသို့ လူနာတင်ယာဉ် ခုနှစ်စီးဝင်ရောက်သွားပြီး လူထိခိုက်မှုရှိသော်လည်း အရေအတွက်ကို မသိရှိရသေးကြောင်း ၎င်းကပြောသည်။
ယင်းတိုက်ခိုက်မှုတွင် ရဲများက လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
ယင်းတိုက်ခိုက်မှုကို People’s knight Defense Force Myinmu (PKDF – MMU)၊ Phoenix SGG၊ စစ်ကိုင်းခရိုင် ဒရုန်းတပ်ဖွဲ့၊ စစ်ကိုင်းခရိုင် အမှတ်ခုနှစ်တပ်ရင်း တပ်ခွဲလေး၊ စစ်ကိုင်းခရိုင် အမှတ်နှစ်တပ်ရင်း တပ်ခွဲနှစ်၊ MMU PDF၊တောတွင်းတွတ်ပီ၊ SDP.camp-camp2နှင့်စစ်ကိုင်းခရိုင် မစ်ဇိုင်းထုတ်လုပ်ရေး တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်းသိရသည်။



