By Nway / MPA
မန္တလေး၊ အိုးဘိုထောင်အာဏာပိုင်တို့၏ ရိုက်နှက်မှုကြောင့် နိုင်ငံရေးအကျဉ်းသား ကိုထက်ရန်နိုင် ကျဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) က ယနေ့ ( ဇွန်လ ၂၆ရက် ) သတင်းထုတ်ပြန်သည်။
ဇွန်လ ၂၀ရက် နံနက် ခုနှစ်နာရီခန့်တွင် အိုးဘိုထောင် ၊ အမျိုးသားအိပ်ဆောင်သုံး၌ အခန်းစာရေး အကျဉ်းသားတစ်ဦး မူးယစ်ဆေးဝါးအရောင်းအဝယ်လုပ်နေသည်ကို ကိုထက်ရန်နိုင်(ခ)ကိုထက်က တွေ့ရှိပြီး ထောင်ဝန်ထမ်းများအား တိုင်တန်းရန်ကြိုးစားစဉ် အခန်းတန်းစီးက မတိုင်တန်းရန် ကြားဝင်ညှိနှိုင်းပေးခဲ့ရာ ပြေလည်ခဲ့ကြောင်း သို့သော်၊အခန်းစာရေးအကျဉ်းသားက မကျေနပ်သဖြင့် အဆောင်သုံး၏ ဒုအဆောင်မှူးတပ်ကြပ် ဇေယျာအောင်ကို ကိုထက်ရန်နိုင်အကြောင်း လုပ်ကြံတိုင်တန်းခဲ့ရာ တပ်ကြပ်ဇေယျာအောင်က သေချာမစုံစမ်းဘဲ ကိုထက်ရန်နိုင်အား ရိုက်နှက်ခဲ့ကြောင်း ကိုထက်ရန်နိုင်က အပြစ်မရှိဘဲ မရိုက်နှက်ရန် ပြောရာ အကျဉ်းထောင်ဝန်ထမ်းကို ကလန်ကဆန်လုပ်သည်ဟု စွပ်စွဲ၍ ဒေါက်ခတ်အပြစ်ပေးရန် မိန်းဂျေး သို့ခေါ်သွားကြောင်း ထို့နောက် ထောင်ပိုင်လေးဇော်ထွန်း၏ ခွင့်ပြုချက်ဖြင့် တပ်ကြပ်ဇေယျာအောင်၊ တပ်သားမြတ်မင်းသူ၊ တပ်သားမိုးမင်းထက် ၊ အကျဥ်းသားဖိုးကေ နှင့် အခြားအကျဉ်းထောင်ဝန်ထမ်းများက ကိုထက်ရန်နိုင်ကို ဝါးဆစ်ပိတ်တုတ်၊ သံတုတ် နှင့်ကျဉ်စက်တို့ဖြင့် ဝိုင်းဝန်းရိုက်နှက်ခဲ့ကြကြောင်း PPNM က ထုတ်ပြန်သည်။
“ ကိုထက်က ဘာမှ အမှားမလုပ်ထားဘူးလို့ ပြန်ရှင်းပြတာကို ပြန်ခံပြောတယ်ဆိုပြီး တိုက်ပိတ် ဒေါက်ခတ်ဖို့ Main Jail ထဲကို ခေါ်သွားတာ” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိင်ငံရေးအကျဉ်းသားများကွန်ရက် ၊ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက MPA သို့ ပြောသည်။
ကိုထက်ရန်နိုင်မှာ အသက်ဘေးမှ လွတ်မြောက်ရန် ထွက်ပြေးခဲ့ရာ မလွတ်ဘဲ နောက်တစ်ကြိမ် ထပ်မံရိုက်နှက်ပြီး နံနက်၁၀နာရီခန့်တွင် ကြိုးတုပ်ကာ အကျဉ်းထောင်ဆေးရုံဘက်သို့ ခေါ်သွားခဲ့ ကြောင်း ဆေးရုံ၌ ဆေးကုသမှုလုံလောက်စွာမပေးဘဲ ဆေးရုံဝင်းအတွင်းရှိ အရူးတိုက်၌ ပိတ်လှောင် ထားခဲ့ကြောင်း အကျဉ်းထောင်တာဝန်ခံများသည် အသက်ငွေ့ငွေ့သာကျန်တော့သည့်အချိန် မွန်းလွဲ တစ်နာရီကျော်မှသာ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း PPNM ကထုတ်ပြန်ထားသည်။
“ အင်အားသုံးပြီး ဘယ်လောက်ရိုက်သလဲဆိုရင် ပုဆိုးမနိုင် ပုဝါမနိုင်တွေအထိ ဖြစ်ကုန်တာ။ ဆေးရုံကို ခေါ်သွားတယ်ပြောပေမဲ့ လမ်းမှာဆုံးတာဗျ။ မန္တလေးဆေးရုံကြီးအထိ ရောက်မသွားဘူး။ ထောင်က မိသားစုကို အလောင်းပြန်ပေးတော့ နှလုံးဖောက်တယ်လို့ပြောတယ်။ ဒါပေမဲ့ အလောင်းမှာ ညိုမည်းဖူးယောင်နေတဲ့ ဒဏ်ရာတွေချည်းပဲ” ဟု နိုင်ငံရေးအကျဥ်းသားဟောင်းများအဖွဲ့ ၊ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က ပြောသည်။
ကိုထက်ရန်နိုင်သည် အသက်၂၃နှစ်ကျော်သာရှိသေးပြီး စစ်ကိုင်းတရားရုံးက ရာဇသတ်ကြီးပုဒ်မ ၅၂(က)ဖြင့် ထောင်ဒဏ်လေးနှစ် ချမှတ်ခံထားရသူဖြစ်သည်။