By Poe Sangle/ MPA
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ပေါ်ရှိ ဌာနဆိုင်ရာအချို့ကို TNLAနှင့် ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
ယနေ့ (ဇွန်လ ၂၅ ရက်) နံနက်အစောပိုင်းတွင် နောင်ချိုမြို့ကို စတင်တိုက်ခိုက်ခဲ့ရာ မွန်းလွဲ တစ်နာရီ ကျော်၌ နောင်ချိုမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော မိုး/ဇလရုံး၊ မီးသတ်၊ ရဲစခန်း နှင့် ပြည်သူ့ဆေးရုံတို့ကို TNLAပူးပေါင်းတပ်က တိုက်ခိုက်သိမ်းလိုက်နိုင်ခဲ့ကာ ခမရ ၁၁၅ ၊ခမရ ၁၁၄ နှင့် စစ်မှုထမ်းဟောင်းရုံးဘက်၌ ဆက်လက်တိုက်ပွဲပြင်းထန်နေကြောင်း TNLA နှင့် နီးစပ်သူ အမျိုးသားတစ်ဦးထံက သိရသည်။
“ဟုတ်တယ်။ ရဲစခန်းတို့၊ ပြည်သူ့ဆေးရုံကိုလည်း ရသွားတယ်။ မီးသတ်ရောပေါ့။ အခုလောလောဆယ်က တိုက်ပွဲပြင်းထန်နေတုန်း စကစ ရှိတဲ့တပ်ဘက်ကို ဆက်တိုက်နေတယ်။ အသေးစိတ်ကိုတော့ မပြောနိုင်သေးဘူး” ဟု ၎င်းက MPAသို့ ပြောသည်။
အလားတူ ကျောက်မဲမြို့တွင်းရှိ စစ်ကောင်စီတပ်စခန်းတို့ကို TNLA ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်နေကြောင်းလည်း သိရသည်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းတွင် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး DPLF/DPLA တပ်ဖွဲ့နှင့် မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ MDY – PDF တပ်ဖွဲ့တို့ ပူးပေါင်း ပါဝင်တိုက်ခိုက်လျက်ရှိကြောင်းသိရသည်။