ဇွန်လအစောပိုင်းကစပြီး ဘန်ကောက်နှင့် အနီးနားခရိုင်များ၌ပြုလုပ်သည့် ရှစ်ရက်ကြာ စစ်ဆင်ရေးအတွင်း မြန်မာ၊လာအိုနှင့် ကမ္ဘောဒီးယားတို့မှ တရားမဝင်ရွှေ့ပြောင်းလုပ်သား ၂၅,၀၀၀ ကျော်ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။
တရားမဝင် ရွှေ့ပြောင်းလုပ်သားများကို ဖမ်းဆီးရန် ရက်ပေါင်း ၁၂၀ ကြိုးပမ်းမှု၏ အစတွင်အထက်ပါအတိုင်း ဖမ်းဆီးမိခဲ့ခြင်း ဖြစ်သည်။
“အခုလို ဖမ်းဆီးတာက တရားမဝင် ရွှေ့ပြောင်းအလုပ်သမားတွေ များလာတဲ့အတွက် ရရှိလာတဲ့ တိုင်ကြားစာတွေကြောင့် ဆောင်ရွက်ရတာပါ။ တချို့ ထိုင်းနိုင်ငံသားတွေက သူတို့ရဲ့ အလုပ်အကိုင်တွေကို လုယူနေတယ်လို့ ထင်မြင်နေတယ်။ ဒါ့ကြောင့် ဝန်ကြီးဌာနအနေနဲ့ ပြင်းပြင်းထန်ထန် အရေးယူဖို့ လိုတယ်” ဟု ဘန်ကောက်အခြေစိုက် ရွှေ့ပြောင်းအလုပ်သမားရေးရာအဖွဲ့မှ Adisorn Keudmeuangkhon က ပြောသည်။
ဇွန်လ ၅ ရက်မှ ၁၂ ရက်အတွင်း တရားမဝင်မြန်မာရွှေ့ပြောင်းလုပ်သား ၂၀,၁၁၁ ဦး၊ လာအို ၁၆၅၉ ဦးနှင့် ကမ္ဘောဒီးယား ၃၉၇၁ ဦးတို့ကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
အထောက်အထားမဲ့ အလုပ်သမားများသည် ထိုင်းဘတ်ငွေ ၅,၀၀၀ မှ ၅၀,၀၀၀ အထိ ဒဏ်ငွေ ချမှတ်ခံရနိုင်ပြီး နေရပ်ပြန်ပို့ခြင်းနှင့် နှစ်နှစ်တာ ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခွင့် ပိတ်ပင်ခံရခြင်းတို့ ဖြစ်နိုင်ကြောင်း ၎င်းကပြောသည်။