မြန်မာနိုင်ငံအတွင်း ပြန်ပေးဆွဲခံရသူ မော်ရိုကိုနိုင်ငံသားသုံးဦး ဒေါ်လာ ၁၀,၀၀၀ စီ ပေးခဲ့ပြီးနောက် ပြန်လည်လွတ်မြောက်လာကြောင်း Morocco World News က ဇွန် ၂၄ရက်တွင် ဖော်ပြသည်။
မကြာသေးမီလပိုင်းအတွင်း မော်ရိုကိုနိုင်ငံသား ၁၄ ဦးထက်မနည်း ပြန်ပေးဆွဲခံခဲ့ရကာ အများစုမှာ ထိုင်း-မြန်မာနယ်စပ် ရွှေတြိဂံနယ်မြေ၌ ပိတ်မိနေကြသည်။
ပြန်ပေးဆွဲခံရသူတစ်ဦး၏ ဖခင်က “သူတို့(ပြန်ပေးဆွဲတဲ့သူတွေ)ရဲ့ တောင်းဆိုချက်ကို လက်ခံလိုက်တော့မှ ကျတော့်သားကို နှိပ်စက်တာတွေ မလုပ်တော့တာ။ သူတို့တောင်းဆိုတာတွေ လက်မခံတဲ့တခြားလူငယ်တွေကို ဘယ်လိုနှိပ်စက်မယ်ဆိုတာ ပြမယ်လို့ ပြောတယ်” ဟု ဆိုသည်။
ပြန်ပေးဆွဲခံရသူများကို ဆွဲဆောင်မှုရှိသော လစာဖြင့် နိုင်ငံတကာ e-commerce ကုမ္ပဏီများတွင် အလုပ်ရမည်ဟု ပြောဆိုကာ စာချုပ်ချုပ်ဆိုရန် ထိုင်း-မြန်မာ နယ်စပ်သို့ ဖြားယောင်သွေးဆောင်ပြီးနောက် သတင်းအစအန ပျောက်ဆုံးသွားကြခြင်း ဖြစ်သည်။
၎င်းတို့အား အဓမ္မအလုပ်ခိုင်းစေခြင်းအပြင် ဖမ်းဆီးထားသူများကို ငွေဖြင့်ပြန်ရွေးရန် ကမ်းလှမ်းပြီး အကျိုးအမြတ်များစွာ ရယူရန် ပြန်ပေးဆွဲသူများက မျှော်လင့်ထားကြခြင်း ဖြစ်သည်။
“အခုလို ရာဇ၀တ်မှုတွေက နိုင်ငံတကာကနေ နယ်စပ်ဖြတ်ကျော်ပြီး လုပ်ကိုင်နေတဲ့ လူမျိုးပေါင်းစုံပါဝင်တဲ့ နိုင်ငံသားတွေ ကျူးလွန်နေတာ ဖြစ်တယ်။ ဒါ့ကြောင့် ဒီအမှုတွေကို ဖြေရှင်းတဲ့နေရာမှာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုတွေ၊ ပူးပေါင်းအားထုတ်မှုတွေ လိုအပ်တယ်” ဟု မော်ရိုကိုနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး Fabio Chinda က ပြောသည်။
ဘန်ကောက်ရှိ မော်ရိုကိုသံရုံးကလည်း အခြေအနေကို စောင့်ကြည့်နေပြီး ပြန်ပေးဆွဲခံထားရသူများကို ကူညီရန် တတ်နိုင်သမျှ လုပ်ဆောင်သွားမည်ဟု ကတိပြုကြောင်း ပြီးခဲ့သည့်မေလက ထုတ်ပြန်ထားသည်။